ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နှင့် မျက်နှာချင်းဆိုင် သောင်ရင်းမြစ်ကမ်းဘေးတွင် တည်ရှိသည့် အင်းကြင်းမြိုင် ရေပေါ်ဈေးသည် လက်ရှိတွင် ဒေသခံများနှင့် ခရီးသွားဧည့်သည်များအကြား ရေပန်းစားသည့် နေရာတစ်ခုဖြစ်လာပြီး အဝေးရောက်မြန်မာများအတွက် သင်္ကြန်အလွမ်းပြေ ဆုံဆည်းရာနေရာ ဖြစ်လာနေကြောင်း သိရသည်။
အဆိုပါ ရေပေါ်ဈေးသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် စစ်ဘေးဒဏ်နှင့် နိုင်ငံရေးအခြေအနေ အမျိုးမျိုးကြောင့် နေရပ်စွန့်ခွာကာ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာ့ရိုးရာအငွေ့အသက်များကို ခံစားနိုင်သည့် နေရာတစ်ခု ဖြစ်လာခြင်းဖြစ်သည်။
မြန်မာ့ရိုးရာသင်္ကြန်ကာလ ရောက်ရှိလာချိန်တွင် နေရပ်သို့ မပြန်နိုင်ကြသေးသည့် အဝေးရောက် မြန်မာပြည်ဖွားများသည် သောင်ရင်းမြစ်ကမ်းဘေးရှိ အဆိုပါ ရေပေါ်ဈေးသို့ လာရောက်ကာ မိသားစု၊ သူငယ်ချင်းများဖြင့် ဆုံတွေ့ရင်း အမိမြေကို လွမ်းဆွတ်ရသည့် စိတ်များကို ဖြေဖျောက်လျက်ရှိကြောင်း သိရသည်။


