ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ "အောင်မြေသစ်" ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၏သားဖြစ်သူ ဇာနည်သွေးအား Grade 12 ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှုဖြင့် တောင်ကြီးခရိုင်တရားရုံးတွင် ပုဒ်မ (၃) ခုဖြင့် စွဲချက်တင်ကာ တရားစွဲဆိုစစ်ဆေးနေပြီဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။တရားခံအား ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် အောက်ပါပုဒ်မများဖြင့် တရားစွဲဆိုထားသည်။
ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိန်းမှု)၊ရာဇသတ်ကြီးပုဒ်မ ၃၆၃ (သက်ငယ်မုဒိန်းမှု/ခေါ်ယူပေါင်းသင်းမှု)၊ရာဇသတ်ကြီးပုဒ်မ ၅၀၅ (အများပြည်သူအား အထိတ်တလန့်ဖြစ်စေမှု)ဖြင့် တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး က "အမှုက တရားရုံးမှာ စစ်ဆေးဆဲပါ။ ထိရောက်တဲ့ ပြစ်ဒဏ်ရဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ အသက်မပြည့်သေးတဲ့ ကျောင်းသူလေးရဲ့ ကာယိန္ဒြေပျက်စီးစေမှုအပြင်၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေတဲ့အတွက် ၅၀၅ နဲ့ပါ ထပ်ချိတ်ထားပါတယ်။ နောင်မှာ ဒီလိုအမှုမျိုး ထပ်မဖြစ်စေဖို့ အလေးထား ဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့သည်။ယခုဖြစ်ရပ်သည် ပညာသင်ကြားရာ အေးချမ်းသည့် ကျောင်းပတ်ဝန်းကျင်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် မိဘပြည်သူများအကြား များစွာစိတ်မကောင်းဖြစ်ရပြီး တရားခံအား ထိရောက်စွာ အရေးယူပေးရန် လူမှုကွန်ရက်ပေါ်တွင် တောင်းဆိုမှုများလည်း ရှိနေသည်။



