ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတဂူဒေသ တဘတ်ချောင်းဘေးတွင် အမျိုးသမီးတစ်ဦး ဟင်းသီးဟင်းရွက်များ ရှာဖွေနေစဉ် မြေမြုပ်မိုင်းနင်းမိသဖြင့် ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အသက် ၄၀ ကျော် အရွယ်ရှိ ယင်းအမျိုးသမီးသည် မိသားစု စားဝတ်နေရေးအတွက် ချောင်းဘေးတွင် ပေါက်ရောက်သော ဇရစ်ရိုးနှင့် အခြား ဟင်းသီးဟင်းရွက်များကို ရှာဖွေနေစဉ် ဧပြီ ၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းနင်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး နောက်ပိုင်းတွင် ခြေထောက်တစ်ဖက်ကို ဖြတ်တောက်ရခြင်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများက ပြောသည်။ယင်းအမျိုးသမီးမှာ ကလေး ၄ ဦး၏ မိခင်ဖြစ်ပြီး မိသားစု၏ အဓိက ဝင်ငွေရှာဖွေသူတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။ဒေသခံများအနေဖြင့် ချောင်းဘေး၊ လယ်ကွင်းများနှင့် လူသွားလာမှု နည်းသည့် နေရာများတွင် သွားလာရာ၌ အထူးသတိပြုရန် လိုအပ်ကြောင်းနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများထံ ဒေသခံများက တောင်းဆိုနေကြသည်။



