ထိုင်းနိုင်ငံအတွင်း အခုရက်ပိုင်းမှာ မြင်တွေ့နေရတဲ့ လရောင်ထူးခြားမှုတွေနဲ့ ပတ်သက်ပြီး ထိုင်းနက္ခတ္တဗေဒအသင်းရဲ့ ပညာရေးဌာနက မစ္စတာ ဝိမုတိဝသလိုင်က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အထူးသဖြင့် လပြည့်ညတွေမှာ မြင်တွေ့ရတဲ့ လရဲ့အရောင်ဟာ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေတာက လေထုညစ်ညမ်းမှုရဲ့ ပြင်းထန်တဲ့ အချက်ပြမှုဖြစ်တယ်လို့ ဆိုပါတယ်။ပုံမှန်ဆိုရင် လထွက်တဲ့အချိန်မှာ ဝါဝင်းတောက်ပတဲ့ အရောင်ကို မြင်ရမှာဖြစ်ပေမဲ့ အခုရက်ပိုင်းမှာတော့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဒေသတွေမှာ လရောင်ဟာ ပန်းရောင်သန်းတဲ့ လိမ္မော်ရောင်၊ နို့လက်ဖက်ရည်အရောင် (Milk Tea) နဲ့ နီညိုရောင် ဆိုပြီး နေရာအလိုက် ကွဲပြားနေတာပါ။ ဒီလိုဖြစ်ရတာဟာ လေထုထဲမှာရှိတဲ့ PM 2.5 ဖုန်မှုန့်လေးတွေက လရောင်ကို ပြန့်ကျဲသွားအောင် လုပ်လိုက်တဲ့အတွက်ကြောင့်ဖြစ်ပြီး ဖုန်မှုန့်ပိုများတဲ့ ဒေသတွေမှာ လရောင်က ပိုပြီး အရောင်ရင့်လာတာဖြစ်တယ်လို့ ဆိုပါတယ်။မစ္စတာဝိမုတိက အခုလို လရောင်လှလှလေးတွေကို လှပတဲ့လူသတ်သမား လို့ တင်စားသတိပေးထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုထူးခြားတဲ့ အရောင်တွေဟာ ပတ်ဝန်းကျင်မှာ ဖုန်မှုန့်အန္တရာယ် အဆိုးရွားဆုံး အခြေအနေ ကို ရောက်နေပြီဆိုတာကို သက်သေပြနေတာကြောင့်ပါ။ အကယ်၍ လရောင်က ဝါညစ်ညစ်ဖြစ်နေပြီး အနားသတ်တွေ ဝေဝါးနေရင်တော့ ဒါဟာ မီးခိုးမှိုင်းနဲ့ ဖုန်မှုန့်အကြီးစားတွေ အများအပြား ရှိနေတယ်လို့ အဓိပ္ပာယ်ရပါတယ်။ဒါကြောင့် မိမိတို့နေထိုင်တဲ့ ဒေသမှာ လရောင်ဟာ ပုံမှန်မဟုတ်တဲ့ အရောင်တွေ ဖြစ်နေတာကို တွေ့ရင် အပြင်မှာ အကြာကြီး ကြည့်မနေဘဲ အိမ်ထဲကို အမြန်ဝင်ပြီး တံခါးတွေ လုံအောင်ပိတ်ထားကြဖို့ တိုက်တွန်းထားကြောင်း matichon သတင်းက ဖော်ပြပါတယ်။ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လည်း ဖုန်မှုန့်ကာကွယ်တဲ့ Mask ကို စနစ်တကျ တပ်ဆင်ရမှာဖြစ်ပြီး လှပတဲ့ လရောင်နောက်ကွယ်က ကျန်းမာရေးအန္တရာယ်ကို အထူးသတိပြုကြဖို့ လိုအပ်ပါတယ်။



