တနင်္သာရီတိုင်း၊ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဖြည့်ရန် ညဘက် တန်းစီစောင့်ဆိုင်းနေသူများကို နှောက်ယှက်ခဲ့သည့် အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ညတွင်းချင်း ဖမ်းဆီးသွားကြောင်း ကိုယ်တိုင်မြင်တွေ့ရသူများထံမှ သိရသည်။ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းရပ်ကွက်၊ ရွှေဝယ်သီရိ အားကစားကွင်းရှေ့DDPC 2 စက်သုံးဆီဆိုင်တွင် ဧပြီလ ၁ ရက်နေ့ ည ၈ နာရီခန့်က စက်သုံးဆီထည့်ရန် လာရောက်တန်းစီနေသော ဒေသခံများကို ဓားကိုင်ဆောင်လာသည့် အမျိုးသားနှစ်ဦးက လာရောက်နှောက်ယှက်ခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် မြို့ခံတစ်ဦးက ပြောသည်။“ခါးမှာ ဓားထိုးပြီး လူစောင့်ရှိတဲ့ ဆိုင်ကယ်တွေကို ဆိုင်ကယ်နောက်ဖုံး ဖွင့်ခိုင်းတယ်။ ဆီဆိုင်မှာ ညစောင့်အဖိုးကြီးကိုလည်း သွားရစ်တယ်” ဟု အထက်ပါ မြို့ခံက ဆိုသည်။ထိုသို့ ခြိမ်းခြောက်နှောက်ယှက်နေသည်ကို ဆီလာရောက်တန်းစီနေသည့် မြို့ခံအမျိုးသားတစ်ဦးက ဝင်ရောက်တားဆီးရာမှ ပြဿနာဖြစ်ပြီး ထိုးကြိတ်ခဲ့သည်အထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြောင်း အဆိုပါ မြို့ခံက ဆက်ပြောသည်။
“နှစ်ယောက်လုံး ဖမ်းမိသွားပြီ။ အဲဒီရပ်ကွက်ကပဲ၊ မူးပြီး ဖြစ်ကြတာလို့ သိရတယ်” ဟု ထိုသူက ဆိုသည်။ညဘက် ဆီတန်းစီနေချိန် ယင်းသို့ နှောက်ယှက်ခံရမှုကြောင့် မော်တော်ဆိုင်ကယ် အစီးရေ နှစ်ဆယ်နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူအချို့က ပြောသည်။ ဆီတန်းစီနေသည့် မြို့ခံအချို့မှာလည်း ညတွင်းချင်း ဆိုင်ကယ်တန်းစီခြင်း မပြုတော့ဘဲ အိမ်ပြန်သွားခဲ့ကြရကြောင်း စုံစမ်းသိရသည်။


