ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ဆက်လက်မြင့်တက်လာမည်ဆိုပါက အများပြည်သူများ၏ မော်တော်ယာဉ်သုံးစွဲမှုများကိုပါ ထပ်မံကန့်သတ်ရေးအတွက် တောင်ကိုရီးယားအစိုးရက စဉ်းစားနေကြောင်း သတင်းများတွင် ရေးသားတင်ပြထားသည်။အရှေ့အလယ်ပိုင်းစစ်ပွဲ နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာသော စွမ်းအင်အကျပ်အတည်း ကြောင့် တောင်ကိုရီးယားအစိုးရသည် အစိုးရရုံးဌာနများ မော်တော်ယာဉ်သုံးစွဲမှုကို ကန့်သတ်ထားပြီးဖြစ်သည်။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀နှင့် ၁၃၀ အကြားအထိ မြင့်တက်လာခဲ့ပါက အများပြည်သူများ မော်တော်ယာဉ်သုံးစွဲမှုကိုလည်း ကန့်သတ်ရနိုင်ကြောင်း တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးကိုးယွန်ချိုလ်က ထုတ်ဖော် ပြောကြားထားသည်။လက်ရှိ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀နှင့် ၁၁၀ အကြား အတက်အကျရှိနေကြောင်း သိရသည်။အရှေ့အလယ်ပိုင်းအခြေအနေ ပိုဆိုးလာခဲ့ပါက မိမိတို့အနေဖြင့် လောင်စာသုံးစွဲမှုကို ကန့်သတ်ရန် လိုလာမည်ဖြစ်ကြောင်း ကိုးယွန်ချိုလ်က ပြောကြားထားသည်။တောင်ကိုရီးယားနိုင်ငံသည် ၁၉၉၁ ခုနှစ်ပင်လယ်ကွေ့စစ်ပွဲကာလကလည်း စွမ်းအင်ချွေတာ ရေးအတွက် အများပြည်သူများ မော်တော်ယာဉ်သုံးစွဲမှုကို ၁၀ ရက်ကြာ ကန့်သတ်ခဲ့ဖူးသည်။



