စက်သုံးဆီတွေ စျေးတက်ပြီးနောက် ဧရာ၀တီတိုင်းဒေသတွင်း မြို့နယ်တွေနဲ့ ဧရာ၀တီ - ရန်ကုန် ပြေးဆွဲနေတဲ့ ကားခတွေဟာ အရင်ကထက် နှစ်ဆကျော်ထိ စျေးတက်သွားခဲ့သလို သင်္ကြကာလတွင်း ကားတွေထွက်ဖို့ အဆင်မပြေဖြစ်နေတယ်လို့ ပြောကြပါတယ်။“လေးလပိုင်း ၁၂ ရက်နေ့ထိပဲ ထွက်ဖို့စီစဉ်ထားတယ်။ ဆီရရင်တော့ သင်္ကြန်တွင်းရော ထွက်မှာပါ။ အခုကတော့ ၁၂ ရက်နေ့ နောက်ဆုံးထိပဲ ကားလက်မှတ်တွေရောင်းပေးနေတယ်။ အဲဒါလည်း မြန်မြန်ဖြတ်မှ ရမယ်ဗျ။ သင်္ကြန် ပြီးအပြန်လက်မှတ်တွေထိပါ ကြိုဖြတ်ထားကြတာ တော်တော်များနေတယ်” လို့ ရန်ကုန် - ပုသိမ်အဝေးပြေးကား ဆွဲနေတဲ့ ကားဂိတ်မှတာဝန်ရှိသူတဦးက ပြောပါတယ်။လက်ရှိမှာ ကားခဟာလည်း ကျပ်သုံးသောင်းကနေ ငါးသောင်းခွဲထိ စျေးတက်နေပြီး သင်္ကြန်တွင်းထွက်တဲ့ကား တွေဆိုရင် စျေးပိုတက်နိုင်တယ်လို့ ခရီးသည်တွေက ပြောကြပါတယ်။အချို့ယာဉ်လိုင်းတွေမှာ ဓါတ်ဆီနဲ့ ဒီဇယ် မရတာကြောင့် ကားအချို့ရပ်နားထားရတယ်လို့လည်း သူကပြောပါတယ်။ ဒါ့အပြင် ရန်ကုန်ကနေ မြန်အောင်၊ ကြံခင်းဘက်သွားတဲ့ ကားခတွေဟာလည်း အရင်က နှစ်သောင်းဝန်းကျင်သာ ရှိခဲ့ရာ ကနေ အခုအခါ လေးသောင်းခွဲဝန်းကျင်ထိ စျေးတက်သွားခဲ့ပါတယ်။



