အမေရိကန်ရဲ့ပင်တဂွန်စစ်ဌာနချုပ်သည် အီရန်နိုင်ငံအတွင်း သီတင်းပတ်များစွာကြာမည့် မြေပြင်စစ်ဆင်ရေးစီမံချက်များကို ပြင်ဆင်နေကြောင်း Washington Post သတင်းစာက မတ် ၂၈ ရက်တွင် ဖော်ပြခဲ့သည်။ထိုစီမံချက်များအနက် ခါ့ဂ်ကျွန်းနှင့် ဟော်မုဇ်ရေလက်ကြားအနီးရှိ ကမ်းရိုးတန်းဒေသများကို စီးနင်းတိုက်ခိုက်မှုများ ပါဝင်နိုင်ကြောင်း သို့သော် သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် မည်သည့်တပ်ဖြန့်ချထားမှုကိုမျှ အတည်ပြုခြင်း မရှိသေးကြောင်း Washington Post က ဖော်ပြခဲ့သည်။မည်သည့်မြေပြင်စစ်ဆင်ရေးကိုမဆို ကျူးကျော်စစ်အသွင် အင်ပြည့်အားပြည့် ဝင်ရောက်တိုက်ခိုက်သည့် ပုံစံမျိုးမဟုတ်ဘဲ အထူးစစ်ဆင်ရေးတပ်ဖွဲ့များနှင့် ပုံမှန်ခြေလျင်တပ်ရင်းများ ပါဝင်သည့် စီးနင်းတိုက်ခိုက်မှုပုံစံမျိုးသာ ဖြစ်လိမ့်မည်ဟု အမည်မဖော်လိုသော အရာရှိများကို ကိုးကား၍ Washington Post က ဖော်ပြခဲ့သည်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကမူ အမေရိကန်အနေဖြင့် မြေပြင်တပ်ဖွဲ့များ အသုံးမပြုဘဲ မိမိတို့၏ ရည်မှန်းချက်အားလုံးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း မတ် ၂၇ ရက်က ပြောကြားခဲ့သည်။ အမေရိကန်၏ စစ်ဆင်ရေးစီမံချက်များသည် ပိုမိုတိုးတက်လာခဲ့ကြောင်းနှင့် မြေပြင်စစ်ဆင်ရေးသည် နောက်ဆုံးမိနစ်မှ အလောတကြီး ပြင်ဆင်သည့် အစီအစဉ်မျိုးမဟုတ်ကြောင်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု Washington Post သတင်းစာက ဖော်ပြခဲ့သည်။



