ရန်ကုန်မြို့အတွင်းတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် တည်ဆောက်ထားသော လူကူးခုံးကျော် တံတားများမှာ ယခုနောက်ပိုင်းတွင် ညစ်ပတ်ပေတေပြီး အနံ့သက်များလည်းမကောင်းဖြစ်လာကာ မနှစ်မြို့စရာ အခြေအနေများ ဖြစ်လာကြောင်း ရန်ကုန်မြို့ခံများကြားမှ သိရှိရသည်။အဆိုပါ လူကူးခုံးကျော်တံတားများကို ရန်ကုန်မြို့တွင် လမ်းသွားလမ်းလာသူများ ယာဉ်အန္တရာယ်ကင်း ရှင်းစေရန် အတွက် ရည်ရွယ်ပြီး နိုင်ငံတော်မှငွေကုန်ကြေးကျခံကာတည်ဆောက်ထားခဲ့ကြောင်း၊ နောက်ပိုင်းတွင် ပြုပြင်ထိန်းသိမ်းမှုအားနည်း လာပြီး စက်လှေကားများပျက်စီးနေခြင်း၊ တံတားပေါ်တွင် ပျံကျနေထိုင်သူများ ရှိ လာခြင်း၊ အနံ့အသက်များမကောင်းခြင်း၊ အမှိုက်သရိုက်နှင့် ကွမ်းတံတွေးများဖြင့် ညစ်ပတ်ပေတေနေခြင်း စသည် ဖြင့်ကြုံကာ ဖြတ်သန်းသွားလာသူများကြား အကျည်းတန်စရာဖြစ်နေသလို မြို့ပြအင်္ဂါရပ်နှင့် ကင်းမဲ့သောအဖြစ် မျိုး ရောက်ရှိလာကြောင်း ကိုယ်တိုင်ကြုံတွေ့သူများက ဆိုထားကြသည်။ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံရှိ လေးထောင့်တည်ဆောက်ထားသော လူကူးခုံးကျော်တံတား ပေါ်၌ပင် ကွမ်းတံတွေးနှင့် အမှိုက်များကို စည်းကမ်းမဲ့စွာတွေ့ရပြီး အနံ့အသက်များ မကောင်းသည့်အတွက် လမ်းကူးသူများမှာ တံတားပေါ်သို့မတက်တော့ဘဲ အောက်မှသာ ယာဉ်အန္တရာယ်ကြားမှ ဖြတ်ကူးနေကြရကြောင်း၊ အလားတူ ဗိုလ်တထောင်ဘုရားလမ်းရှိ လူကူးခုံးကျော်တံတား၊ ဗဟန်း ၃ လမ်းရှိ လူ ကူးခုံးကျော်တံတား၊ ကမ္ဘာအေးရှိ လူကူးခုံးကျော်တံတား၊ သိမ်ကြီးစျေးအနီးရှိ လူကူးခုံးကျော်တံတား၊ မော်တင်ရှိ လူကူးခုံးကျော်တံတားတို့တွင်လည်း အလားတူ အနံ့အသက်များမကောင်းခြင်း၊ ညစ်ပတ်ပေတေနေခြင်း၊ တောင်း ရမ်းစားသောက်သူများနှင့် အိမ်ခြေယာမဲ့များ အခြေပြုနေထိုင်လာခြင်း စသည့် အခြေအနေများကိုလည်း တွေ့ခဲ့ ရကြောင်း ကိုယ်တိုင်ကြုံသူများက ပြောဆိုထားကြသည်။ နိုင်ငံတော်မှ ငွေကုန်ကြေးကျခံကာ တည်ဆောက်ထားသော လူကူးခုံးကျော်တံတားများမှာ ယင်းကဲ့သို့သော အခြေအနေများကြောင့် အများပြည်သူတို့အတွက် အကျိုးပြုမှုနည်းလာပြီး မြို့ပြအင်္ဂါရပ် နှင့်မညီတော့ဘဲ စိတ်ချလုံခြုံမှုကို ပေးစွမ်းနိုင်မည့် အခြေအနေမျိုးမရှိတော့ကြောင်း ဆိုထားကြသည်။



