ဒီဇယ်ဆီဈေးနှုန်း ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့အတွက် ဘန်ကောက် မြို့တွင်း ပြေးဆွဲနေတဲ့ Saen Saep တူးမြောင်းနဲ့ ကျောက်ဖရားမြစ် ခရီးသည်တင်လှေတွေဟာ မတ်လ ၃၀ ရက်နေ့ကစပြီး လှေစီးခကို ၂ ဘတ်စီ တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်ပါတယ်။Wat Sri Boonruang နဲ့ Phan Fah Lilat Bridge အကြား Saen Saep တူးမြောင်းလှေပြေးဆွဲရေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ Family Transport (2002) Ltd ကတော့ ခရီးစဉ်အကွာအဝေးအလိုက် ယခင် ၁၁-၂၁ ဘတ်ကနေ အခုအခါ ၁၃-၂၃ ဘတ်အထိ တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။ မတ်လ ၂၆ ရက်နေ့မှာ ဒီဇယ်ဆီ B7 ဈေးနှုန်းဟာ တစ်လီတာကို ၆ ဘတ်အထိ မြင့်တက်ခဲ့ပြီး ၃၈.၉၄ ဘတ်ဖြစ်သွားတဲ့အတွက် လုပ်ငန်းလည်ပတ်စရိတ်တွေလည်း မြင့်တက်လာတယ်လို့ မန်နေဂျင်းဒါရိုက်တာ Chaowalit Methayaprapas က ပြောပါတယ်။အခုတိုးမြှင့်လိုက်တဲ့ လှေစီးခနှုန်းထားဟာ လက်ရှိပေါက်ဈေး ၃၉ ဘတ်နီးပါး ရှိနေပေမယ့် ဒီဇယ်ဆီ တစ်လီတာ ၃၃.၀၁ ကနေ ၃၅.၀၁ ဘတ်ကြား ဈေးနှုန်းအပေါ်မှာ အခြေခံတွက်ချက်ထားတာ ဖြစ်ပါတယ်။ ခရီးသည်တွေအပေါ် ရုတ်တရက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့အတွက် အဲဒီနှုန်းထားကို ရွေးချယ်ခဲ့တာဖြစ်ပြီး လှေစီးခထပ်တိုးဖို့ လိုအပ်၊ မလိုအပ်ကိုတော့ ဧပြီလ ၆ ရက်နေ့မှာ ထပ်မံသုံးသပ်သွားမယ်လို့ သိရပါတယ်။ ဒီဇယ်ဆီဈေး ပြန်ကျသွားခဲ့ရင်တော့ လှေစီးခကို ချက်ချင်းပြန်လျှော့ချပေးသွားဖို့ အဆင်သင့်ရှိတယ်လို့လည်း Family Transport က အတည်ပြုထားပါတယ်။ကျောက်ဖရားမြစ်မှာ ပြေးဆွဲနေတဲ့ Chao Phraya Express Boat Co ကလည်း Nonthaburi နဲ့ ဘန်ကောက်မြို့တွင်း ပြေးဆွဲတဲ့ ခရီးစဉ်တွေအတွက် လှေစီးခကို ၁၄-၃၃ ဘတ်ကနေ ၁၆-၃၅ ဘတ်အထိ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က လှေစီးခ ၁ ဘတ်တိုးဖို့ စီစဉ်ခဲ့ပေမယ့် ပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုင်းငံ့ထားဖို့ တောင်းဆိုခဲ့တဲ့အတွက် အခု မတ်လ ၃၀ ရက်နေ့မှသာ စတင်အသက်ဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။



