ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် တရုတ်နိုင်ငံသားများ ဦးဆောင်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။လက်ရှိတွင် ဘုရားသုံးဆူမြို့အနီး ကြိမ်ချောင်းကျေးရွာဝန်းကျင်၊ ချောင်းဆုံသဘာဝအပန်းဖြေရေတံခွန်အနီးတဝိုက်နှင့် ဘုရားသုံးဆူမြို့ပေါ်တို့တွင် စားသောက်ဆိုင်၊ တည်းခိုခန်းနှင့် ဟိုတယ် အမည်ခံပြီး ကျားဖြန့်လုပ်ငန်းအတွက် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်နေကြောင်း သိရသည်။“တရုတ်တွေက ကျားဖြန့်လုပ်ငန်းတွေကို ပေါ်ပေါ်ထင်ထင်မဟုတ်ပဲ အရှိန်မြှင့်လုပ်နေတာတွေရှိတယ်။ သူတို့က ဒီက လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပေါင်းပြီး မြေတွေဝယ်တယ်။ အဆောက်အအုံအသစ်တွေ ဆောက်လုပ်တယ်။ စားသောက်ဆိုင် ဆောက်နေတာရှိတယ်။ တည်းခိုခန်းတွေလို လုပ်နေတာရှိတယ်။ ဘုရင့်နောင်လမ်းက ဆောက်ခဲ့တဲ့ AAA ဟိုတယ်လိုပေါ့နော်။ အဲဒီလို ဟိုတယ်တွေ ထပ်ဆောက်ထားတယ်။ အဲဒီနောက်ကွယ်တွေမှာ ကျားဖြန့်လုပ်ငန်းတွေ ချဲ့နေတယ်” ဟု ဒေသခံအရင်းအမြစ်တစ်ဦးက ဆိုသည်။



