ဗီဇာ စာရွက်စာတမ်းတွေမှာ ထိုင်ဝမ်ရဲ့ နာမည်ကို ဖော်ပြပုံနဲ့ပတ်သက်လို့ အိမ်ရှင် ကင်မရွမ်းနဲ့ အငြင်းပွားပြီးနောက် ထိုင်ဝမ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ညီလာခံသို့ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်မှာ မဟုတ်ကြောင်း မတ် ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
မတ် ၂၆ ရက်ကနေ ၂၉ ရက်အထိ ကင်မရွမ်းက လက်ခံ ကျင်းပမယ့် အဲဒီ ညီလာခံသို့ တက်ရောက်ဖို့ စီစဉ်ထားတဲ့ ထိုင်ဝမ် ကိုယ်စားလှယ်တွေအတွက် ထုတ်ပေးတဲ့ ဗီဇာ စာရွက်စာတမ်းတွေမှာ ထိုင်ဝမ်ကို တရုတ်ရဲ့ ပြည်နယ်အဖြစ် ဖော်ပြခဲ့တာကြောင့် ထိုင်ဝမ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။အဲဒီနောက် ကင်မရွမ်းက ထိုင်ဝမ် ကိုယ်စားလှယ်အဖွဲ့ကို ဗီဇာ ကင်းလွတ်ခွင့် ပေးကြောင်း ကြေညာခဲ့ပါတယ်။ စာရွက်စာတမ်းတွေမှာ သူတို့ ဘယ်နိုင်ငံသား ဖြစ်ကြောင်း ဖော်ပြမထားတဲ့ အပြင် အင်္ဂလိပ်လို ရေးထားတဲ့ နာမည် တချို့ စာလုံးပေါင်း မှားနေပြီး ကိုယ်စားလှယ်တွေကိုလည်း အားလုံး အမျိုးသမီးတွေအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။အဲဒီ ပြဿနာကို ကင်မရွမ်းက ရိုးရိုးသားသား ဖြေရှင်းလိုစိတ် မရှိခဲ့ဘူးလို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ဒီမိုကရေစီနည်းနဲ့ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်အပေါ် အချုပ်အခြာ အာဏာပိုင်ဆိုင်တယ်လို့ တရုတ်က ပြောကြားပြီး သူတို့ရဲ့ အုပ်ချုပ်မှုအောက် ပြန်လည် ထားရှိရေး လိုအပ်ရင် စစ်အင်အား သုံးမယ်လို့ ပြောထားပါတယ်။ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ WTO ညီလာခံသို့ မတက်ရောက်ဖို့ ဆုံးဖြတ်တာဟာ မိမိတို့ရဲ့ အမျိုးသား ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။အဲဒီ ညီလာခံ တက်ရောက်ရေးနဲ့ ပတ်သက်လို့ ထိုင်ဝမ် အာဏာရပါတီက နိုင်ငံရေးအရ အသုံးချနေတယ်လို့ တရုတ်က ပြောပါတယ်။


