ဧရာဝတီတိုင်းမှာ စက်သုံးဆီ အခက်အခဲကြောင့် နွေစပါး ရိတ်သိမ်းဆဲလုပ်ငန်းတွေ ရပ်တန့် ထားရပြီး ဆက်လက်ရိတ်သိမ်းဖို့ အခက်တွေ့နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။မတ်လ ပထမအပတ်က စတင်ကာ ဧရာဝတီတိုင်းထဲမှာ နွေစပါးတွေ စတင်စရိတ်သိမ်းနေပြီး စက်သုံးဆီ လိုသလောက် ဝယ်ယူမရတဲ့အတွက် နွေစပါး ရိတ်လက်စ စပါးခင်းတွေပါ ရပ်ထားရတဲ့ အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က တောင်သူတယောက်က “စက်သုံးဆီမရလို့ စပါးတွေ ဆက်မရိတ် ရတော့ဘူး။ ၆ ဧက ရိတ်ထားပြီး ရပ်နေရတယ်။ ၈ ဧကလောက် ထပ်ရိတ်ရဖို့ ရှိသေးတယ်။ တခါမှ ဒါမျိုး မဖြစ်ဖူးဘူး။ ဈေးတက်ပေမဲ့ ဝယ်သုံးရတာပဲ။ အခုက စက်သုံးဆီ ဝယ်ပါ မရတော့ ဒုက္ခပတ်နေတာ” လို့ ပြောပါတယ်။ဧရာဝတီတိုင်းမှာ ရိတ်သိမ်းရမဲ့စပါးတွေ စက်သုံးဆီဝယ်မရတဲ့ အခက်အခဲကြောင့် ဆက်လက် မရိတ်သိမ်းနိုင်ပါက စပါးအပင်ကျွမ်းကာ အလေအလွင့်ဖြစ် ပျက်စီးဆုံးရှုံးမဲ့ အခြေအနေနဲ့ ရင်ဆိုင် နေရတယ်လို့ တောင်သူတွေဆီက သိရပါတယ်။ဒါ့အပြင် လယ်ဧကနည်း တောင်သူတချို့က အဆုံးအရှုံးမခံနိုင်တာကြောင့် လယ်ယာလုပ်သား ငှားရမ်းပြီး လက်နဲ့ရိတ်သိမ်းဖို့ ပြင်ဆင်နေပေမဲ့ စက်နဲ့သာ ရိတ်သိမ်းခဲ့တာကြောင့် လုပ်သား အဆက်ပြတ်ကာ ငှားမရ၊ လုပ်သားရှားပါးမှုနဲ့ပါ ကြုံနေရပါတယ်။
Mar 25 • 2:44 AM
Myanmar
Ayeyarwady
Share
| 7 | 0 | 0 | 0 |


