ဗီယက်နမ်အစိုးရသည် ဓာတ်ဆီသုံးစွဲမှုကို ၁၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ရန်အတွက် အီသနော ၁၀ ရာခိုင်နှုန်း ပါဝင်သော E10 ဇီဝလောင်စာ (Biofuel) ကို လာမည့် ဧပြီလမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့် ဖြန့်ဖြူးရောင်းချသွားရန် တနင်္လာနေ့ (မတ်လ ၂၃ ရက်၊ ၂၀၂၆) တွင် ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါသည်။ မူလက ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင်မှ သမားရိုးကျဓာတ်ဆီနေရာ၌ E10 ဖြင့် အစားထိုးရန် စီစဉ်ထားသော်လည်း လက်ရှိ အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ကမ္ဘာ့လောင်စာဆီဈေးကွက် မတည်မငြိမ်ဖြစ်နေမှုကို တုံ့ပြန်ရန်အတွက် အစီအစဉ်ကို နှစ်လစော၍ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။
လက်ရှိတွင် Petrolimex နှင့် PVOIL စသည့် ထိပ်တန်းလောင်စာဆီ ကုမ္ပဏီကြီးများသည် ဟိုချီမင်းစီးတီးနှင့် ကွမ်ငိုင် (Quang Ngai) ပြည်နယ်တို့တွင် E10 RON95-III ကို စမ်းသပ်ရောင်းချလျက်ရှိပြီး၊ ဧပြီလအတွင်း တစ်နိုင်ငံလုံးရှိ အရောင်းဆိုင်များတွင် အဆင့်လိုက် အစားထိုးသွားရန် သိုလှောင်ကန်များနှင့် ရောစပ်သည့် စက်ကိရိယာများကို အဆင့်မြှင့်တင်ထားပြီးဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ ၂၀၂၅ ခုနှစ် ဓာတ်ဆီသုံးစွဲမှု ခန့်မှန်းချက်အရ အီသနော ကုဗမီတာ ၁.၁ သန်းခန့် လိုအပ်မည်ဖြစ်ရာ ပြည်တွင်းစက်ရုံများမှ ၄၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ကျန်ရှိသည့် ၆၀ ရာခိုင်နှုန်းကို အမေရိကန်နှင့် ဘရာဇီးနိုင်ငံတို့မှ တင်သွင်းသွားမည်ဖြစ်သည်။ ဤဇီဝလောင်စာ ပြောင်းလဲအသုံးပြုမှုသည် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုမှုကို လျှော့ချနိုင်ရုံသာမက ကာဗွန်ထုတ်လွှတ်မှုကိုပါ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်းနှင့် ပြည်တွင်းရှိ ပီလောပီနံနှင့် ပြောင်းစိုက်တောင်သူများအတွက်လည်း ဈေးကွက်ဝေစု ပိုမိုရရှိလာစေမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။


