ကုန်တင်ယာဥ်တွေကို ခရီးမိုင်အလိုက် စက်သုံးဆီ လုံလောက်စွာ ရောင်းချပေးဖို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MHFTSA) က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ကို တင်ပြ တောင်းဆိုထားပါတယ်။လက်ရှိမှာ ကုန်တင်ယာဥ်တွေအနေနဲ့ လမ်းခရီးတလျှောက် စက်သုံးဆီ လုံလောက်စွာ မရရှိတဲ့အတွက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်လည်ပတ်ဖို့ အခက်တွေ့နေရတယ်လို့ MHFTSA က ဆိုပါတယ်။ဘုရင့်နောင်ပွဲရုံမှ လုပ်ငန်းရှင်တယောက်က “သယ်ယူစရိတ်တွေတက်ရင် ကုန်စျေးနှုန်းပါ တက်သွားမှာ။ အခုလည်း ရိုက်ခတ်မှုတွေက ဖြစ်နေပြီ” လို့ ပြောပါတယ်။ဒါ့အပြင် သင်္ကြန်ရက်ရှည်ပိတ်ရက် မတိုင်ခင် ကုန်စည်ပို့ဆောင်မှုတွေ အများဆုံး လုပ်ရလေ့ရှိတာကြောင့် စက်သုံးဆီလုံလောက်စွာ ရဖို့အတွက် အရေးပေါ်လိုအပ်နေတယ်လို့ ပွဲရုံဖွင့်လှစ်ထားသူတွေက ဆိုပါတယ်။



