မြန်မာနိုင်ငံကနေ အိန္ဒိယကို သစ်မှောင်ခိုပို့တာတွေဟာ ပိုပြီး ဆိုးရွားလာနေပါတယ်။ ဒါဟာ ဇီဝမျိုးကွဲ အကြွယ်ဝဆုံး ကမ္ဘာ့နေရာ ၁၀ ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဒီဒေသအတွက် ရေရှည်မှာ ဆိုးကျိုးတွေ အများကြီး ရှိလာနိုင်ပါတယ်။မြန်မာနိုင်ငံကနေ တရားမဝင် တင်သွင်းနေတဲ့ သစ်ပမာဏနဲ့ တန်ဖိုးကို အနည်းဆုံး တွက်ချက်ကြည့်ရင်တောင် တစ်နှစ်ကို ဒေါ်လာ ၄၀ သန်းဖိုးလောက် ရှိနေပါတယ်။ အဓိက မှောင်ခိုပို့နေတာတွေကတော့ ကျွန်းသစ်၊ ကညင်၊ သစ်စေးနဲ့ သစ်ဖြူ တို့ဖြစ်ပြီး အဲဒီသစ်တွေဟာ အိန္ဒိယမှာ ဝယ်လိုအား အရမ်းကောင်းနေတာပါ။မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က သစ်တွေကို အိန္ဒိယနိုင်ငံ နယ်စပ်ပြည်နယ်ဖြစ်တဲ့ မဏိပူရက လမ်းကြောင်းအမျိုးမျိုးကနေ အကြီးအကျယ် တင်သွင်းနေကြတာဟာ အချက်အလက် အတော်များများကြောင့် ဖြစ်ပါတယ်။ ၂၀၁၆ မှာ ထုတ်ပြန်တဲ့ နိုင်ငံတကာ သစ်တောသုတေသန အဖွဲ့အစည်းများသမဂ္ဂ (IUFRO) ရဲ့ လေ့လာမှုအရ အိန္ဒိယဟာ တရုတ်နဲ့ ဗီယက်နမ်ပြီးရင် ကမ္ဘာမှာ တရားမဝင်သစ် အများဆုံး တင်သွင်းတဲ့ တတိယမြောက် နိုင်ငံဖြစ်နေပါတယ်။ တစ်နှစ်ကို တင်သွင်းမှု တန်ဖိုးဟာ အိန္ဒိယရူပီး ဘီလီယံ ၄၀ (အမေရိကန်ဒေါ်လာ ၀.၄၃ ဘီလီယံ) ကျော်ရှိပြီး ဒါဟာ ကမ္ဘာလုံးဆိုင်ရာ တရားမဝင် သစ်ကုန်သွယ်မှုရဲ့ ၁၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။



