နစ်နာသူအလုပ်သမားများအနေဖြင့် ပြည်ပနိုင်ငံသို့ သွားရောက်ရခြင်းမရှိ၍ မိမိတို့ပေးသွင်းခဲ့သည့် ဝန်ဆောင်ခများကို အေဂျင်စီ (သို့မဟုတ်) ပွဲစားများထံမှ ပြန်လည်တောင်းခံ၍ မရပါက တရားဝင်အေဂျင်စီထံသို့ ပေးဆောင်ထားသည့် ဝန်ဆောင်ခများကို အလုပ်သမားများထံသို့ ပြန်လည်ပေးအပ်စေရေး စစ်ဆေးရေးအဖွဲ့များမှ ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နစ်နာသူအလုပ်သမားများကိုယ်တိုင် သက်ဆိုင်ရာ တရားရုံးတွင် ငွေကြေးပြန်လည်ရလိုမှုဖြင့် တရားမမှုဖွင့်၍ တရားစွဲဆိုနိုင်တယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ မတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဝန်ကြီးဌာနအနေနဲ့လည်း ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပနိုင်ငံများတွင်ဖြစ်စေ အလုပ်သမားများမှ အခက်အခဲတစ်စုံတစ်ရာရှိ၍ တိုင်ကြားလာပါက နစ်နာမှုမရှိစေရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဝန်ဆောင်ခများ ပေးသွင်းခဲ့သော်လည်း သွားရောက်ရမှုမရှိသဖြင့် ဝန်ဆောင်ခများ ပြန်လည်ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးရန် နစ်နာသူ အလုပ်သမားများမှ အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားလာမှုများနှင့် ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရှိ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများကို စစ်ဆေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်အဖြစ်ဖွဲ့စည်း၍ သက်ဆိုင်ရာ မြို့နယ်ရုံး၏ တာဝန်ခံအရာရှိမှ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA)မှ အဖွဲ့ဝင်ကိုယ်စားလှယ်တစ်ဦး ပါဝင်သော စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး တိုင်ကြားသူ အလုပ်သမားများ၊ တိုင်ကြားခံရသည့် အေဂျင်စီများ သို့မဟုတ် ပွဲစားများအား ခေါ်ယူ၍ သုံးပွင့်ဆိုင်စနစ်ဖြင့် မျက်နှာစုံညီတွေ့ဆုံ၍ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ဝန်ကြီးဌာနသို့ မတင်နီလာဌေးပါ ၃ ဦးနှင့် မောင်တင်ဇော်မိုး၊ မဇင်နွယ်အောင်နှင့် မောင်သန်းဇော်ဦးတို့မှ မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဝန်ဆောင်ခများ ပေးသွင်းခဲ့သော်လည်း သွားရောက်ရမှုမရှိသဖြင့် ဝန်ဆောင်ခများ ပြန်လည်ရရှိနိုင်ရေး Su Latt Myint Mo Services Co.,Ltd ကို အရေးယူပေးပါရန် တိုင်ကြားလာမှုကြောင့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစိစစ်ခဲ့ရာ၌ အဆိုပါ ကုမ္ပဏီသည် ဝန်ဆောင်ခများရယူ၍ မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးနိုင်ခြင်းမရှိသည့်အပြင် ဝန်ဆောင်ခ များကို အလုပ်သမားများထံ ပြန်လည်ပေးအပ်ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရသည့်အတွက် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းကြောင့် ၎င်းကုမ္ပဏီ၏ ပြည်ပ အလုပ်အကိုင်အကျိုးဆောင်လိုင်စင်အား ၂၀၂၅ ခုနှစ် မေလ ၁၃ ရက်နေ့မှစ၍ ရာသက်ပန် ပိတ်သိမ်းထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။
ဆက်လက်ပြီး အလုပ်သမားများအား ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုပြောဆိုပြီး ငွေကြေးများ လိမ်လည်ကောက်ခံခဲ့သည့် အခြားတိုင်ကြားမှု အမှုတွဲတွင် ပါဝင်ပတ်သက်ခဲ့သော Su Latt Myint Mo Services Co.,Ltd ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်လားရှမ်းထန်းငီးအား ဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ ၁၉၉၉ ခုနှစ်၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေ ပုဒ်မ ၂၆၊ အမှုအမှတ်(ပ) ၃၅/၂၀၂၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး တရားခံထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်းလည်း သိရပါတယ်။


