မြန်မာအလုပ်သမားများအား ဂျပန်နိုင်ငံသို့ပို့ဆောင်ပေးမည်ဟုပြောဆိုပြီး ငွေကြေးများလိမ်လည်ကောက်ခံခဲ့သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီဖြစ်သည့် Su Latt Myint Mo Services Co.,Ltd ၏ မန်နေးဂျင်းဒါရို-က်တာ ဒေါ်လားရှမ်းထန်းဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆၊ (ပ) ၃၅/၂၀၂၆ ဖြင့်အမှုဖွင့်ထားကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။အဆိုပါ အမှုဖွင့်ထားသည့် Su Latt Myint Mo Services Co.,Ltd ၏ မန်နေးဂျင်းဒါရို-က်တာ ဒေါ်လားရှမ်းထန်းဦးမှာ လက်ရှိအချိန်၌ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ထို့ပြင် Su Latt Myint Mo Services Co.,Ltd သည် ပြီးခဲ့သည့် နှစ်များအတွင်းကလည်း မြန်မာအလုပ်သမားအချို့အား မလေးရှားနိုင်ငံသို့ပို့ဆောင်ပေးမည်ဟုပြောဆိုပြီး ဝန်ဆောင်ခများတောင်းယူထားသော်လည်း ပို့ဆောင်ပေးခြင်းမရှိ၍ ပေးသွင်းထားသောဝန်ဆောင်ခများပြန်လည်ရရှိရေးအတွက် Su Latt Myint Mo Services Co.,Ltd ကို အရေးယူပေးပါရန် အလုပ်သမားများက အလုပ်သမားဝန်ကြီးဌာနထံတိုင်ကြားခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ထို့ကြောင့် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခဲ့သည့် Su Latt Myint Mo Services Co.,Ltd ၏ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်အား ၂၀၂၅ ခုနှစ် မေ ၁၃ ရက်မှစ၍ ရာသက်ပန်ပိတ်သိမ်းခဲ့ကြောင်း သိရသည်။



