back

ပြည်တွင်း၌ရွှေလုပ်ငန်းရှင် သုံးယောက်ကို ပြစ်ဒဏ်အမြင့်ဆုံး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့

Mar 19 • 8:18 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်း၌ရွှေလုပ်ငန်းရှင် သုံးယောက်ကို ပြစ်ဒဏ်အမြင့်ဆုံး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့

ရွှေလုပ်ငန်းရှင် သုံးယောက်ကို ပန်းဘဲတန်းမြို့နယ် တရားရုံးက ဒီကနေ့ မတ် ၁၉ ရက်၊ မနက် ၁၀ နာရီခွဲဝန်းကျင်က အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်အပြင်...

ရွှေလုပ်ငန်းရှင် သုံးယောက်ကို ပန်းဘဲတန်းမြို့နယ် တရားရုံးက ဒီကနေ့ မတ် ၁၉ ရက်၊ မနက် ၁၀ နာရီခွဲဝန်းကျင်က အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်အပြင် ငွေဒဏ် ကျပ် ငါးသိန်း ချမှတ်ခဲ့တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ဒီကနေ့မှာ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာဖြစ်ပြီး သတ္ထုတွင်း ဥပဒေအသစ်ဖြစ်တဲ့ အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေပုဒ်မ - ၅ ၊ ရာဇသတ်ကြီး ပုဒ်မ - ၁၀၉ နဲ့ အရေးယူ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင် တယောက်က “ဒါက ဥပဒေထဲမှာ အမြင့်ဆုံးပေါ့။ ဒါကြီးက မတရားတာ။ ဒီလိုမျိုးဆိုရင် ကျန်တဲ့သူတွေ ဘာမှ လုပ်စားလို့ မရတော့ဘူး။ သတ်မှတ်ဈေးနဲ့ မရောင်းလို့ဆိုတာက ကျန်တဲ့ ရွှေသမားတွေလည်း အားလုံး ဒုက္ခရောက်သွားနိုင်တယ်။ ရွှေဆိုတာက နိုင်ငံတကာပေါက်ဈေးနဲ့ အလုပ် လုပ်နေရတာလေ။ အဲဒါမျိုးဆိုရင် ရွှေရောင်းတဲ့သူ၊ ရွှေဆိုင်တွေ အားလုံးက ထောင်ကျရမယ့် ပုံစံမျိုး ဖြစ်နေပြီ” လို့ ပြောပါတယ်။

ပြည်တွင်းရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးအတိုင်း လိုက်ပါ ပြောင်းလဲနေတာဖြစ်တဲ့အတွက် လက်ရှိ အစိုးရရဲ့ သတ်မှတ် ရည်ညွှန်းဈေး ဆိုတာဟာ တနိုင်ငံလုံး မည်သည့်ဆိုင်မျှ ရောင်းချခြင်း ပြုလုပ်နိုင်ခြင်းမရှိတဲ့ ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။သက်ဆိုင်ရာက ရွှေချပေးတာကြောင့် အဲဒီရွှေကို အရင်းအတိုင်း ရောင်းချပေးရမယ် ဆိုရင်တော့ တကျပ်မျှ အမြတ်ယူခြင်းမရှိဘဲ ရောင်းချပေးနိုင်ပေမယ့် အခုလို ကိုယ့်ရွှေကိုယ် အစိုးရ သတ်မှတ်စျေးအတိုင်း ရောင်းချ‌ပေးရမယ် ဆိုတာကတော့ လွယ်ကူတဲ့အရာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ဒီလို ပြစ်ဒဏ်ချမှတ်မှုဟာ ကျန်ရှိနေတဲ့ ရွှေဆိုင်တွေအတွက် ရပ်တည်မှု ခက်ခဲသွားနိုင်ပြီး ဈေးကွက် ပျက်သွားနိုင်သွားနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် အပါအဝင် ရွှေလုပ်ငန်းရှင် သုံးယောက်ကို ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ဦးမျိုးမြင့်အနေနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အလေးချိန်စုစုပေါင်း ၇၀ ကျပ်သားရှိအခေါက်ရွှေတုံး ရှစ်တုံးကို ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူခဲ့ပြီး အမြတ်တင် ပြန်လည် ရောင်းချဖို့အတွက် သိုလှောင် ထားရှိခဲ့သလို ဦးမျိုးသူဝင်းအနေနဲ့လည်း ၎င်းရဲ့ရွှေဆိုင်တွေမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားကို ပြင်ပပေါက်ဈေးနှုန်းနဲ့ ဝယ်ယူပြီး ရွှေ ၉၅၀ ကျပ်သားကို အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည် ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ဦးနေမျိုးထက်အနေနဲ့လည်း ၎င်းရဲ့ရွှေဆိုင်တွေမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားကို ပြင်ပပေါက်ဈေးနှုန်းနဲ့ ဝယ်ယူပြီး ရွှေ ၂၆၈ ကျပ်သားကို အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည် ရောင်းချခဲ့တာကို စိစစ် တွေ့ရှိရရတယ်လို့ အစိုးရရဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဖေဖော်ဝါရီလ ဒုတိယပတ်မှာတော့ အဲဒီ ရွှေလုပ်ငန်းရှင်တွေကို စျေးကွက် မတည်မငြိမ် ဖြစ်စေမှု၊ စီးပွားရေးပျက်ပြားစေရန် အားပေးကူညီမှုတွေနဲ့ အစိုးရ တာဝန်ရှိသူတွေက အမှုဖွင့် အရေးယူခဲ့တယ်လို့ သိရပြီး ဒီကနေ့ အမိန့် ချမှတ်ချိန်မှာတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တဲ့ ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

news-view-count-icon

30