ပြည်သူများ၏ လျှပ်စစ်ကား (EV) သုံးစွဲမှုများ သိသာစွာ တစ်ရှိန်ထိုးမြင့်တက်လာတာကြောင့် လွန်ခဲ့တဲ့ ၄ နှစ်ခန့်က EV နည်းပညာသင်တန်း တစ်မျိုးတည်းသာ ဖွင့်လှစ်ခဲ့ရာမှ ယခုအချိန်တွင် သင်တန်း ၉ မျိုးအထိ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီမှ သိရပါတယ်။
မတ်လ ၁၅ ရက်က ကျင်းပတဲ့ EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲ၌ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေက အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။၂၀၂၂ ခုနှစ်တွင် သင်တန်းတစ်မျိုးတည်းကို ဖွင့်လှစ်ကာ သင်တန်းဆင်း ၃၅ ဦးသာ မွေးထုတ်ပေးနိုင်ခဲ့ရာမှ ယမန်နှစ်မှစ၍ EV နည်းပညာသင်တန်း ၉ မျိုးအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့အထိ သင်တန်းဆင်း ၉၀၀ မွေးထုတ်ပေးနိုင်ပြီဖြစ်ကာ နည်းပညာလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူများနှင့် EV လုပ်ငန်းရှင်များ၏ တက်ရောက်နိုင်မှုနှင့် ဆန္ဒရှိသည့် နည်းပညာတို့အပေါ် မူတည်၍ စိတ်ကြိုက်သင်တန်းများကိုပါ စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိတယ်လို့လည်း ၎င်းက ပြောကြားထားပါတယ်။



