ဘန်ကောက် မြို့တော်ဝန် Chadchart Sittipunt က လာမယ့်ပညာသင်နှစ် မေလ ၁၈ ရက်ကစပြီး ဘန်ကောက် မြို့တော်စီမံခန့်ခွဲရေးအောက်မှာရှိတဲ့ ကျောင်းပေါင်း ၄၃၇ ကျောင်းမှာ စာသင်ချိန်အတွင်း ဖုန်းနဲ့ အီလက်ထရောနစ်ပစ္စည်း သုံးစွဲမှုတွေကို ကန့်သတ်မယ့် "Phone Off, Learning On" အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ အဲဒီ ကြေညာချက်ကို မတ်လ ၁၃ ရက်နေ့ က Khlong San ခရိုင်မှာရှိတဲ့ Wat Sutharam အထက်တန်းကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကျောင်းသားတွေရဲ့ သင်ယူမှု၊ ကျန်းမာရေးနဲ့ ဆိုက်ဘာလုံခြုံရေးတွေကို မြှင့်တင်ပေးဖို့ ရည်ရွယ်ပါတယ်။
ယနေ့ခေတ် ကလေးတွေဟာ နေ့စဉ်ဘဝမှာ ဒစ်ဂျစ်တယ်နည်းပညာကို အလွန်အကျွံ အသုံးပြုလာကြတဲ့အတွက် သူငယ်ချင်းတွေနဲ့ ဆက်ဆံရေး ကင်းကွာလာသလို သင်ယူမှုအပေါ် စိတ်ဝင်စားမှု လျော့ကျလာပါတယ်။ ဒါ့အပြင် အပြင်ဘက်မှာ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာပြီး အဝလွန်တဲ့ ပြဿနာတွေပါ ရင်ဆိုင်လာရတဲ့အတွက် အခုလို ထိန်းချုပ်မယ့် စည်းမျဉ်းတွေကို ချမှတ်ရတာဖြစ်တယ်လို့ မြို့တော်ဝန်က ရှင်းပြပါတယ်။ဒီစည်းမျဉ်းကို လာမယ့် မေလ ၁၈ ရက်နေ့ ကစပြီး ကျောင်းတွေအားလုံးမှာ စံသတ်မှတ်ချက်တစ်ခုအနေနဲ့ စတင်ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ စာသင်ခန်းထဲမှာ ဒစ်ဂျစ်တယ်ပစ္စည်းတွေ မဖြစ်မနေ လိုအပ်လာရင် ဆရာ၊ ဆရာမတွေက ခွင့်ပြုပေးသွားမှာဖြစ်ပြီး အရေးပေါ်အခြေအနေတွေအတွက် မိဘတွေအနေနဲ့ ကျောင်းကို ဖုန်း ဒါမှမဟုတ် Line ကနေတဆင့် ဆက်သွယ်နိုင်ပါတယ်။Phone Off, Learning On" အစီအစဉ်ကို အဓိကမူ ၃ ချက်ပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို ဖျော်ဖြေရေးအတွက် မဟုတ်ဘဲ သင်ယူမှုအတွက်ပဲ သုံးဖို့၊ နေ့လယ်စာစားချိန်လိုမျိုး အချိန်တွေမှာ ဖုန်းမသုံးရဇုန်တွေ သတ်မှတ်ပြီး လူမှုဆက်ဆံရေးနဲ့ ကျန်းမာရေးကို မြှင့်တင်ပေးဖို့နဲ့ ကျောင်းတွေမှာ ဆိုက်ဘာအနိုင်ကျင့်မှုတွေ မဖြစ်အောင် စောင့်ကြည့်ကာကွယ်ဖို့တို့ပဲ ဖြစ်ပါတယ်။



