အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေကနေ သွေးထွက်ခြင်းကို တစ်မိနစ်အတွင်း တားဆီးပေးနိုင်မယ့် ဖျန်းဆေးတစ်မျိုးကို သိပ္ပံပညာရှင်များက တီထွင်လိုက်ပြီး ယင်းနည်းပညာဟာ ဆေးရုံ မရောက်မီအချိန်အတွင်း ပြင်းထန်တဲ့ ဒဏ်ရာကြောင့် သွေးထွက်လွန်ကာ သေဆုံးရတာမျိုး မဖြစ်အာင် ကာကွယ်ပေးဖို့ အဓိက ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဖျန်းဆေးကို အိုဟိုင်းယိုးတက္ကသိုလ်မှ သုတေသီတွေက ဖန်တီးခဲ့တာဖြစ်ပြီး လူ့ခန္ဓာကိုယ်ရဲ့ ဘဘာဝ အတိုင်း သွေးခဲတဲ့စနစ်ကို ပိုမိုမြန်ဆန်လာအောင် ကူညီပေးတာဖြစ်ကာ အသုံးပြုပုံဟာ ရိုးရှင်းသလို ဆေးဖျန်း လိုက်တာနဲ့ ဆေးထဲမှာ ပါတဲ့ အထူးပိုလီမာတွေက သွေးနီဥ တွေနဲ့ ချက်ချင်းပေါင်းစပ်သွားပြီး ခိုင်မာတဲ့ အလွှာ တစ်ခုကို ဖြစ်ပေါ်စေတာလို့ သိရပါတယ်။ သွေးထွက်တာကို ချက်ချင်းရပ်တန့်သွားစေတဲ့ အတားအဆီးတစ်ခုလို အလုပ်လုပ်ပေးတာ ဖြစ်သလို စမ်းသပ်ချက်တွေအရ ဒီဖျန်းဆေးဟာ လက်ရှိ ဆေးလောကမှာ သုံးနေတဲ့ တခြားသွေးတိတ်ပစ္စည်းတွေထက် ပိုမို မြန်ဆန်ပြီး ပိုမိုထိရောက်တာကို တွေ့ရတယ်လို့လည်း သိရပါတယ်။အထူးသဖြင့် စစ်မြေပြင်မှာရရှိတဲ့ ဒဏ်ရာတွေ ဒါမှမဟုတ် လမ်းပေါ်က ပြင်းထန်တဲ့ မတော်တဆမှုတွေမှာ လူနာရဲ့ အသက်ကို ကယ်တင်နိုင်မယ့် အရေးပေါ်ကိရိယာတစ်ခု ဖြစ်လာမှာဖြစ်တယ်လို့လည်း သုတေသီတွေ က ဆိုထားပါတယ်။


