ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တို X-ray ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များကို ရပ်တန့်စစ်ဆေးရှာဖွေ မှုများပြုလုပ်နေစဉ် ဒလ-တွံတေးကားလမ်းအတိုင်း ဒလမြို့နယ်ဘက်မှ တွံတေးမြို့နယ်ဘက်သို့ သရုပ်ဆောင် မင်းအုပ်စိုး (ခ) အောင်နိုင်ထွန်း မောင်းနှင်လာသော 7S (YGN-8)/ . . . . ယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်တွင် A 895629 Made In CZECH REPUBLIC စာတန်းပါသော CZ 75D COMPACT 9X19 ပစ္စတိသေနတ်တစ်လက်၊ 9X19 ကျည်ဆံ ခုနစ်တောင့်ပါသော ကျည်အိမ်တစ်ခုကို တပ်ဆင်ထားလျက်တို့အနေအထားဖြင့် ရှာဖွေစစ်ဆေးတွေ့ရှိရသည့်အတွက် ဖမ်းဆီးအရေးယူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ယင်းနှင့်ပတ်သက်၍ သရုပ်ဆောင် မင်းအုပ်စိုး (ခ) အောင်နိုင်ထွန်း က မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အတွက် ကိုင်ဆောင်ထားခြင်းဖြစ်သည်ဟူ၍ ပြောဆိုထားသော်လည်း လက်နက်ကိုင်ဆောင်ခွင့်နှင့်ပတ်သက်သော ခွင့်ပြုချက်တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် လတ်တလောတွင် တွံတေးမြို့မရဲစခန်းမှ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ပူးပေါင်းစစ်ဆေးသည့်အဖွဲ့တွင်ပါဝင်သူများနှင့် နီးစပ်သူများထံမှ ဆက်လက်သိရသည်။



