ပီရူးကညကလပ်တစ်ခုမှာ ဗုံးပေါက်ကွဲတဲ့အတွက် အရွယ်မရောက်သေးသူများ အပါအဝင် လူ ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက စနေနေ့တွင် ပြောကြားခဲ့သည်ဟု AP သတင်းကဖော်ပြခဲ့သည်။ပေါက်ကွဲမှုမှာ ပီရူးနိုင်ငံ မြောက်ပိုင်းကမ်းရိုးတန်းတစ်လျှောက်ရှိ ထရူဂျီလိုပြည်နယ်ရှိ ဒါလီညကလပ်တွင် မိုးမလင်းမီအချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ အရေးပေါ်လုပ်ငန်းဌာနထုတ်ပြန်ချက်တစ်ခုအရ သိရ သည်။ထိုဒေသမှာ မကြာသေးမီက အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုများ ဖြစ်ပွားခဲ့သော ဒေသတစ်ခုဖြစ်သည်။ဖြစ်ရပ်တွင် မည်သူလက်ချက်နှင့် မည်သည်ရည်ရွယ်ချက်ဆိုသည်ကို ချက်ချင်းမသိရသေးကြောင်း သိရ သည်။ ထရူဂျီလို ကျန်းမာရေးကွန်ရက်၏ အမှုဆောင်ဒါရိုက်တာ ဂျရတ်ဒို ဖလိုရီယန် ဂိုမက်ဇ်၏အဆိုအရ ဒဏ်ရာရရှိသူများအနက် အနည်းဆုံး ငါးဦးမှာ အခြေအနေဆိုးရွားနေကြောင်း သိရသည်။ထိခိုက်ဒဏ်ရာရရှိသူအချို့သည် ခြေလက်ဖြတ်တောက်ခံရခြင်းနှင့် ဗုံးဆန်ဒဏ်ရာများ ရရှိခဲ့ပြီး ခွဲစိတ် ကုသမှုခံယူနေရကြောင်း ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။ဒဏ်ရာရရှိသူများထဲတွင် အရွယ် မရောက်သေးသူ သုံးဦးပါဝင်ပြီး အသက် ၁၆ နှစ်အရွယ် တစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် နှစ်ဦးတို့ဖြစ်ကြောင်း ဖလိုရီယန်က ပြောကြားခဲ့သည်။



