မန္တလေးက ငလျင်ဒဏ်သင့် ပြည်သူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနက ထောက်ပံ့ကြေးနဲ့ ပစ္စည်းတွေ ပေးနေပေမဲ့ မရတဲ့သူတွေရှိသလို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖြတ်ယူတာမျိုးလည်းရှိနေပါတယ်။တစိတ်တပိုင်းပျက်စီးတဲ့ အိမ်တွေအတွက် လုံးဝပျက်စီးသွားတဲ့ အိမ်တွေအတွက် အိမ်အမျိုးအစားအလိုက် ထောက်ပံ့မဲ့နှုန်းထားတွေခွဲထားပြီး ငွေကျပ်သိန်း ၂၀ ကနေ သိန်း ၅၄၀ ထိ ငွေကြေးထောက်ပံ့တယ်လို့ သိရပါတယ်။ဒါအပြင် အိမ်အမျိုးအစားအလိုက် ဘိလပ်မြေ၊ သစ်၊ အမိုးသွပ်၊ သံချောင်း စတာတွေကိုလည်း ထောက်ပံ့နေတာလို့ သိရပါတယ်။ဒါပေမဲ့ ထောက်ပံ့ကြေးရတဲ့သူတွေရှိသလို မရတဲ့သူတွေလည်း ရှိနေတယ်လို့ မန္တလေးမြို့ခံတယောက်က ပြောပါတယ်။ထောက်ပံ့ကြေးရတဲ့သူတွေကလည်း လွယ်လွယ်ကူကူ အဆင်ပြေပြေနဲ့ ရတာမဟုတ်ဘဲ တချို့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ငလျင်ဒဏ်သင့်ပြီး အိမ်ပျက်စီးကြောင်း ထောက်ခံစာအတွက် ငွေကျပ် ၂ သိန်းကျပ်ဝန်းကျင် တောင်းသလို ရတဲ့ထောက်ပံ့ကြေးကိုလည်း ဖြတ်ယူတာတွေရှိတယ်လို့ ဆိုပါတယ်။



