ထိုင်းရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အမတ်နေရာ ၉၅ ရာခိုင်နှုန်းကျော်ကို တရားဝင် အတည်ပြုပေးလိုက်ပြီဖြစ်လို့ အစိုးရသစ်ဖွဲ့စည်းရေး လုပ်ငန်းစဉ်တွေဟာ သိသိသာသာ ရှေ့ရောက်လာပြီ ဖြစ်ပါတယ်။ မကြာသေးခင်က အချိုးကျကိုယ်စားလှယ် ၁၀၀ ကို အတည်ပြုပေးခဲ့ပြီး မဲဆန္ဒနယ်မြေ အမတ် ၃၉၆ ဦးကိုလည်း အတည်ပြုပေးခဲ့တာကြောင့် လွှတ်တော်ခေါ်ယူဖို့နဲ့ ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့ အရေးကြီးတဲ့ အဆင့်တွေကို ဆက်လက် သွားနိုင်တော့မှာပါ။ အဲဒီအခြေအနေတွေကြောင့် အနုတင် အစိုးရအဖွဲ့ ပေါ်ပေါက်လာဖို့ ပိုမိုသေချာသွားပါတယ်။လွှတ်တော်တွင်း အမတ်နေရာ ခွဲဝေမှုတွေကို ကြည့်မယ်ဆိုရင် အနုတင် ဦးဆောင်တဲ့ ဘုမ်းဂျိုင်ထိုင်းပါတီက အမတ်နေရာ ၁၉၂ နေရာနဲ့ အစိုးရဖွဲ့နိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။ သူ့နောက်မှာတော့ ပြည်သူ့ပါတီက ၁၂၀၊ ဖွေ့ထိုင်းပါတီက ၇၄ နေရာနဲ့ အသီးသီး ရပ်တည်နေကြပြီး ဘုမ်းဂျိုင်ထိုင်းပါတီဟာ နိုင်ငံရေးအပြောင်းအလဲနဲ့ အစိုးရသစ်ဖွဲ့စည်းရေးမှာ အသာစီးရနေတာကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမတ် ၉၅ ရာခိုင်နှုန်းကျော် အတည်ပြုပြီး ၁၅ ရက်အတွင်း လွှတ်တော်ခေါ်ယူရမှာဖြစ်လို့ မတ်လ ၁၉ ရက် မတိုင်ခင် လွှတ်တော်စတင်နိုင်ဖို့ မှန်းထားကြပါတယ်။ လွှတ်တော်စတင်တာနဲ့ လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်ပွဲကို အရင်ဆုံးလုပ်ဆောင်မှာဖြစ်ပြီး အဲဒီအရေးကြီးတဲ့ ရာထူးအတွက် ဘုမ်းဂျိုင်ထိုင်းပါတီကပဲ ရရှိဖို့ များနေပါတယ်။ အဲဒီနောက် မတ်လကုန်ကနေ ဧပြီလဆန်းပိုင်းအတွင်းမှာ ဝန်ကြီးချုပ်သစ်ကို မဲခွဲရွေးချယ်သွားဖို့ ရှိနေပါတယ်။
ရှေ့ဆက်ရမယ့် အစီအစဉ်တွေအရ ဧပြီလောက်မှာ ဝန်ကြီးအဖွဲ့သစ်ကို ဖွဲ့စည်းနိုင်ဖို့ရှိနေပြီး မေလမှာတော့ အစိုးရအဖွဲ့ဟာ မူဝါဒတွေချမှတ်ကာ နိုင်ငံကို အပြည့်အဝ စတင်အုပ်ချုပ်နိုင်ဖို့ မှန်းထားပါတယ်။ ဝန်ကြီးချုပ်ဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ အနုတင်ကတော့ လက်ရှိ အရှေ့အလယ်ပိုင်းက တင်းမာမှုတွေဟာ ထိုင်းနိုင်ငံအပေါ် သက်ရောက်နိုင်လို့ ပြည်သူတွေ ထိခိုက်မှုနည်းအောင် အမြန်ဆုံး ပြင်ဆင်သွားမယ်လို့ ပြောကြားထားပါတယ်။ ဒီအချိန်ဟာ ထိုင်းနိုင်ငံအတွက် အရေးကြီးတဲ့ အကူးအပြောင်းကာလဖြစ်ပြီး အနုတင်ရဲ့ အစိုးရသစ်ဟာ လာမယ့် ၄ နှစ်တာအတွက် နိုင်ငံရဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဦးဆောင်သွားရတော့မှာပါ။



