ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ညပိုင်းအချိန်များ၌ အဖြေရှာမရသည့် အနံ့ဆိုးများထွက်ပေါ်မှုကို ယခုရက်ပိုင်းအတွင်း ကြုံလာရကြောင်း ဒေသခံများထံမှ သိရသည်။မည်သည့်နေရာမှ ထွက်ပေါ်လာသော အနံ့ဆိုးများဖြစ်သည်ကို အဖြေရှာမရသေးသလို မြောင်းပုပ်နံ့လိုလို၊ နွားချေးနံ့၊ ကြောင်ချေးနံ့လိုလို နံစော်သည့်အနံ့ဆိုးများကို ကြုံနေရခြင်းဖြစ်ကြောင်း ဆိုကြသည်။တော်တော်နံတာ၊ ဘယ်ကလာတဲ့အနံ့မှန်းလည်းမသိဘူး၊ ဝမ်ကျောက်လုံဘက်မှာ တော်တော်အနံ့ပြင်းပြင်းရတယ်၊ တစ်ခါတလေတော့ အနံ့သိပ်မရတော့ပြန်ဘူး၊ အခုထိလည်း ဘယ်ကနေ နံလို့နံနေမှန်းမသိဘူး”ဟု ဝိန်းကျောက်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။အဆိုပါ အနံ့ဆိုးများရရှိမှုကို မယ်ခေါင်ဘက် မြို့ပြင်မယ်ယန်းဘက်အထိ နေရာအချို့တွင် ပြင်းထန်စွာ ရလေ့ရှိတတ်ကြောင်းလည်း ဆိုကြသည်။အလားတူဖြစ်ရပ်မျိုးကို လွန်ခဲ့သော ၂၀၂၃ ခုနှစ်ကကြုံခဲ့ဖူးပြီး ယင်းအခါကကြုံခဲ့သော အနံ့ဆိုးများမှာ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စတုံအထက်ကျေးရွာအနီး ထုံးဖိုစက်ရုံရှိ ကျောက်မီးသွေးများမှထွက်လာသည့် အနံ့ဆိုးများဖြစ်သည်ကို သိရှိခဲ့ရခြင်းကြောင့် စက်ရုံပိတ်သိမ်းခြင်းများဖြင့် ဖြေရှင်းလုပ်ဆောင်ခဲ့ရဖူးကြောင်းလည်း သိရသည်။ယခုအခါ အဆိုပါအနံ့ဆိုးများထွက်ပေါ်ရာကို အဖြေရှာလျက်ရှိပြီး ဒေသခံများကြားတွင် စိုးရိမ်မှုများလည်းရှိနေကြောင်း သိရသည်။



