ထိုင်း၊ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးဌာန (BMA) က ဒီနေ့ မတ်လ ၃ ရက် မှာ အပူရှိန်အညွှန်းကိန်း သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး အပူချိန်ဟာ သတိပေး အဆင့်မှာ ရှိနေတဲ့အတွက် လူတွေကို ပြင်ပလှုပ်ရှားမှုတွေ ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။နေ့စဉ် အပူရှိန်အညွှန်းကိန်းကို သတိထားရမယ့် အဆင့်မှာ သတ်မှတ်ထားပြီး ပြင်းထန်တဲ့ အပူရှိန်က ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် အပြင်ထွက်တဲ့အခါ အထူးဂရုစိုက်ကြဖို့ ပြည်သူတွေကို BMA က တောင်းဆိုထားပါတယ်။
ယေဘုယျ လမ်းညွှန်ချက်အနေနဲ့ အထူးသဖြင့် အပူချိန် အမြင့်ဆုံးဖြစ်လေ့ရှိတဲ့ မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအတွင်း ပြင်ပလှုပ်ရှားမှုတွေကို လျှော့ချဖို့ ဒါမှမဟုတ် ရှောင်ကြဉ်ဖို့ အကြံပြုထားပြီး သန့်ရှင်းတဲ့ ရေကို လုံလောက်အောင် သောက်ဖို့နဲ့ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ဖို့ အကြံပြုထားပါတယ်။ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေလိုမျိုး အန္တရာယ်ပိုများတဲ့ အုပ်စုတွေအနေနဲ့ ခေါင်းမူးတာ၊ မိုက်ခနဲဖြစ်တာ၊ နုံးခွေတာ ဒါမှမဟုတ် သတိလစ်တာလိုမျိုး လက္ခဏာတွေ ခံစားရရင် နီးစပ်ရာ ဆေးခန်းကို ချက်ချင်းသွားပြဖို့ အကြံပြုထားပါတယ်။ပြည်သူတွေအနေနဲ့ လေထုအရည်အသွေး အခြေအနေတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို airbkk.com ဆိုတဲ့ AirBKK ဝဘ်ဆိုက်ကနေတဆင့် ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ BMA က ပြောပါတယ်။



