ပြီးခဲ့သည့် စနေနေ့က တီဟီရန်မြို့ပေါ်သို့ အမေရိကန်နှင့် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် အီရန်အဓိပတိ အယာတိုလာ အလီခါမေနီ၏ ဇနီးသည် ယမန်နေ့တွင် သေဆုံးသွားပြီ ဖြစ်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ခါမေနီ၏ ဇနီး မန်ဆူရေး ခိုဂျက်စတေး ဘာဂါဇာဒေး သည် ပြီးခဲ့သည့် စနေနေ့နှောင်းပိုင်းက ၎င်းနှင့် ခင်ပွန်းဖြစ်သူတို့ ပစ်မှတ်ထား တိုက်ခိုက်ခံရပြီး နောက်ပိုင်း သတိလစ်မေ့မြောနေခဲ့ခြင်းဖြစ်ကြောင်း အီရန်ကျောင်းသားများ သတင်းအေဂျင်စီ - ISNA က တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။အလီခါမေနီ၏ သမီး၊ သမက်နှင့် မြေးဖြစ်သူတို့မှာလည်း အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုများအတွင်း သေဆုံးသွားခဲ့သည်။ အီရန် ကာကွယ်ရေးဝန်ကြီး နှင့် တပ်မတော်စစ်ဦးစီးချုပ်တို့ ၂ ဦး အပါအဝင် အဆင့်မြင့်အရာရှိ ၄၀ ကျော်သေဆုံးခဲ့သည်။အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အဓိပတိအား လုပ်ကြံသတ်ဖြတ်မှုသည် အီရန်အစိုးရယန္တရား၏ ဗဟိုချက်တွင် အာဏာလေဟာနယ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။



