ဂျေရုဆလင်မြို့ကို ပစ်မှတ်ထားသည့် ဒုံးကျည်တိုက်ခိုက်မှုအပြီးတွင် ဝန်ကြီးချုပ်၏ ကံကြမ္မာမှာ မရေမရာဖြစ်နေသည်ဟူသော အီရန်၏ ပြောကြားချက်ကို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု၏ ရုံးခန်းက "သတင်းအမှား" (Fake news) အဖြစ် ငြင်းဆိုလိုက်သည်။ (နေတန်ရာဟုသည် နောက်ပိုင်းတွင် လူသေဆုံးမှုရှိခဲ့သည့် Beit Shemesh ဒုံးကျည်ကျရောက်ရာနေရာသို့ သွားရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်။)အီရန်၏ တစ်ပိုင်းတစ်စ အစိုးရပိုင် Fars သတင်းဌာနက ထုတ်လွှင့်သည့် ဗီဒီယိုထုတ်ပြန်ချက်တွင် အီရန်၏ Khaibar ဒုံးကျည်များသည် နေတန်ရာဟု၏ ရုံးခန်းနှင့် လေတပ်ဦးစီးချုပ် Tomer Bar ၏ နေအိမ်တို့ကို အလစ်အငိုက်တိုက်ခိုက်မှုအတွင်း အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ဂျေရုဆလင် မြို့တော်အတွင်း လေကြောင်းရန်သတိပေး အချက်ပေးသံများ ထွက်ပေါ်ခဲ့သော်လည်း ဒုံးကျည်ထိမှန်မှုတစ်စုံတစ်ရာ ရှိကြောင်း သတင်းများ မထွက်ပေါ်ခဲ့ပေ။ နေတန်ရာဟု၏ ရုံးခန်းမှာလည်း အစစအရာရာ ပုံမှန်အတိုင်းပင် ရှိနေသည်။ အီရန်ပြောရေးဆိုခွင့်ရှိသူက ကူဝိတ်နိုင်ငံအထက်တွင် အမေရိကန် တိုက်လေယာဉ် သုံးစင်းကို အီရန်က ပစ်ချခဲ့သည်ဟုလည်း ဆိုသည်။ သို့သော် အဆိုပါ လေယာဉ်သုံးစင်းမှာ ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ မတော်တဆ မှားယွင်းပစ်ခတ်မှု(Friendly fire) ကြောင့် ထိမှန်ခဲ့ခြင်းသာဖြစ်ပြီး၊ မိမိတပ်ဖွဲ့က မှားယွင်းပစ်ခတ်မိခြင်းမဟုတ်သလို အီရန်လက်ချက်ကြောင့်လည်း မဟုတ်ကြောင်းအမေရိကန်က ပြောကြားထားသည်။



