ပုဂံသို့ Alphard ကားဖြင့် အလည်အပတ်သွားရောက်နေသည့် တရားလွှတ်တော်ရှေ့နေ ကိုကြည်ချမ်းငြိမ်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစ၍ ယနေ့အထိ ဖုန်းအဆက်အသွယ်မရဘဲ ထူးဆန်းစွာ ပျောက်ဆုံးနေပါသည်။
ကိုကြည်ချမ်းငြိမ်း သည် ဂျပန်နိုင်ငံတွင် နေထိုင်သူဖြစ်ပြီး ပြီးခဲ့သည့်လကမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ ဖြစ်ပါသည်။၎င်းသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ယာဉ်မောင်း ကိုဝေယံဦး မောင်းနှင်သည့် Alphard ကားဖြင့် ရန်ကုန်မှ ပုဂံသို့ ဧည့်သည် (၂) ဦးနှင့်အတူ စတင်ထွက်ခွာခဲ့ပါသည်။ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပုဂံ၊ ညောင်ဦးတဝိုက် လည်ပတ်ခဲ့ပြီး Heritage ဟိုတယ်တွင် တည်းခိုခဲ့ပါသည်။ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်တွင် ဟိုတယ်မှ Check-out မလုပ်ရသေးဘဲ မှတ်ပုံတင်နှင့် ခရီးဆောင်အိတ်များကို ထားရှိကာ အလည်အပတ် ထပ်မံထွက်ခွာသွားခဲ့ရာမှ လက်ရှိအချိန်ထိ ပြန်လည်ရောက်ရှိလာခြင်း မရှိတော့ဘဲ ၁၀ ရက်ကျော်ကြာ ပျောက်ဆုံးနေခြင်း ဖြစ်ပါသည်။
မိတ်ဆွေများက ဖုန်းဆက်သွယ်ကြည့်ရာတွင် ပထမတစ်ကြိမ်၌ ဖုန်းဝင်ခဲ့သော်လည်း နောက်တစ်ကြိမ်တွင် စက်ပိတ်သွားခဲ့ပါသည်။ ယာဉ်မောင်း ကိုဝေယံဦး၊ ကားနှင့် ဧည့်သည် (၂) ဦးစလုံး ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်နေ့) အထိ အဆက်အသွယ် ပြတ်တောက်နေပါသည်။လူမှုကွန်ရက်အသုံးပြုသူများအနေဖြင့် ကိုကြည်ချမ်းငြိမ်း (သို့မဟုတ်) အဆိုပါ Alphard ကားအား မြင်တွေ့ခဲ့လျှင်သော်လည်းကောင်း၊ သတင်းအစအန ရရှိလျှင်သော်လည်းကောင်း မိတ်ဆွေများထံသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။



