တောင်ကိုရီးယားနှင့် ဆွေးနွေးမှုလုပ်ရန် လမ်းစကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပိတ်လိုက်ပြီး ၎င်း၏တပ်ဖွဲ့များသည် အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံကို အလုံးစုံ ချေမှုန်းဖျက်ဆီးနိုင်သည်ဟု ကြုံးဝါးလိုက်သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်နှင့် အနာဂတ် ဆွေးနွေးမှုများအတွက် ဝါရှင်တန်အနေဖြင့် ပြုံယမ်းအပေါ် ထားရှိသော ရန်လိုသည့် မူဝါဒများကို စွန့်လွှတ်ရန် လိုအပ်ကြောင်း အချက်ပြခဲ့သည်။ဝါရှင်တန်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေကို လေးစားလိုက်နာပြီး ၎င်းတို့၏ ရန်လိုသောမူဝါဒကို ရုပ်သိမ်းမည်ဆိုပါက အမေရိကန်နှင့် အဆင်ပြေပြေ မနေထိုင်နိုင်စရာ အကြောင်းမရှိဟု အာဏာရ ကိုရီးယားအလုပ်သမားပါတီ - WPK ၏ သီတင်းတစ်ပတ်ကြာ အဓိကအစည်းအဝေးများ အပြီးတွင် ကင်ဂျုံအန်က ဆိုသည်။ နျူကလီးယားလက်နက် တပ်ဆင်ထားသော မြောက်ကိုရီးယား စစ်တပ်ကို အားကောင်းစေရန် လက်နက်စနစ်သစ်များ ထုတ်လုပ်ရန် ကင်ဂျုံအန်က တိုက်တွန်းခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန - KCNA ယနေ့ ဖော်ပြသည်။ရေအောက်မှ ပစ်လွှတ်နိုင်သော တိုက်ချင်းပစ်ဒုံးကျည်များ၊ တောင်ကိုရီးယားကို ပစ်မှတ်ထားနိုင်သည့် အမြောက်တပ်သုံး နျူကလီးယားလက်နက်များနှင့် တာတိုပစ်ဒုံးကျည်များကဲ့သို့သော နည်းဗျူဟာမြောက် နျူကလီးယားလက်နက် သိုလှောင်မှုကို တိုးချဲ့ရန် ကင်ဂျုံအန်းက သတ်မှတ် ညွှန်ကြားခဲ့ကြောင်း KCNA က ဖော်ပြသည်။
လွန်ခဲ့သောနှစ်များအတွင်း ပြုံယမ်း၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို အရှိန်အဟုန်ဖြင့် မြှင့်တင်ခဲ့ခြင်းကြောင့် ၎င်းတို့၏ နျူကလီးယားပိုင်ဆိုင်သည့် နိုင်ငံအဆင့်အတန်းမှာ ထာဝရ ခိုင်မာသွားပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။



