မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာရပ်တစ်ခုဖြစ်တဲ့ ဘုရားတန်ဆောင်း၊ ပြာဿဒ်၊ ဇရပ်များနဲ့ လူ့အသုံးအဆောင်ပစ္စည်းများ မှန်စီရွှေချခြင်းလုပ်ငန်းကို ယူနက်စကို (UNESCO) ရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် စာရင်းကောက်ယူမှတ်တမ်းတင်ခြင်းများကို စတင်ဆောင်ရွက်နေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရပါတယ်။မြန်မာပြည်သူလူထု အားလုံးပူးပေါင်းပါဝင်မှု ရလဒ်အဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ ၇ ရက်အထိ ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့မှာ ကျင်းပတဲ့ (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ညီလာခံမှာ မြန်မာနိုင်ငံမှ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် (19.COM 7.b.50 Myanmar Traditional New Year Ata Thingyan Festival) ကို ပထမဆုံး လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ရရှိခဲ့ပြီး၊ “မြန်မာ့သနပ်ခါး” ကိုလည်း မြန်မာနိုင်ငံမှ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုတွင် တင်သွင်းထားပြီးဖြစ်သလို မြန်မာ့လက်ဖက်နှင့် မြန်မာ့ကြိုးကြီးချိတ်တို့ကိုလည်း ယူနက်စကိုစာရင်းဝင်နိုင်ရေးအတွက် အစိုးရနှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများမှ ဆက်လက်ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။



