ထိုင်း ဒေသအားလုံးမှာ နွေရာသီမုန်တိုင်းတွေ တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။ အဓိကအားဖြင့် ဘန်ကောက်မြို့မှာလည်း နေ့လယ်ပိုင်းမှာ ပူပြင်းတဲ့ရာသီဥတုရှိနိုင်ပြီး လေပြင်းတိုက်ခတ်တာတွေနဲ့အတူ မိုးကြိုးမုန်တိုင်းကျရောက်ဖို့ ရာခိုင်နှုန်း ၂၀ ရှိနေပါတယ်။
ဘန်ကောက်မြို့နဲ့ အနီးတစ်ဝိုက်မှာ အပူချိန်အနေနဲ့ အနိမ့်ဆုံး ၂၄ ဒီဂရီစင်တီဂရိတ်ကနေ အမြင့်ဆုံး ၃၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပါတယ်။ တောင်ဘက်လေက တစ်နာရီကို ၁၀ ကီလိုမီတာကနေ ၂၀ ကီလိုမီတာအထိ တိုက်ခတ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ရာသီဥတုအပြောင်းအလဲကို အထူးသတိပြုသင့်ပါတယ်။တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပေါ်နေတဲ့ ရာသီဥတုအခြေအနေဟာ တရုတ်နိုင်ငံက လာတဲ့ လေအေးတွေနဲ့ မြန်မာနိုင်ငံဘက်က ရွေ့လျားလာတဲ့ လေလှိုင်းတွေ တွေ့ဆုံမှုကြောင့် ဖြစ်ပါတယ်။ အဲဒီအခြေအနေတွေကြောင့် နိုင်ငံရဲ့ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ ဗဟိုနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးကြိုးပစ်တာ၊ လေပြင်းတိုက်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ လွင်ပြင်တွေ၊ သစ်ပင်ကြီးတွေနဲ့ ခိုင်ခံ့မှုမရှိတဲ့ ဆိုင်းဘုတ်တွေအောက် သွားလာတာကို ရှောင်ကြဉ်ကြဖို့ အကြံပြုထားပါတယ်။ လယ်သမားတွေအနေနဲ့လည်း သီးနှံတွေ ပျက်စီးမှုမရှိအောင် ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပြီး ပင်လယ်ပြင်ခရီးသွားလာသူတွေကလည်း လှိုင်းကြီးနိုင်တဲ့အတွက် သတိထားကြဖို့ လိုအပ်ပါတယ်။



