ရန်ကုန်မြို့ရှိ မြန်မာ့စက်မှုဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ပြည်ပသင်္ဘောပေါ်မှ သင်္ဘောသားတစ်ဦးမိမိလည်ပင်းကို ဓားဖြင့်လှီးဖြတ်မှုဖြစ်ပွားသည့်အပေါ် ဆေးရုံသို့အချိန်မီပို့ဆောင်ခဲ့ကြခြင်းကြောင့် လတ်တလောတွင် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း မြန်မာပင်လယ်ကူး သင်္ဘောသားအသိုက်အဝန်းကြားမှ သိရသည်။အဆိုပါဖြစ်ရပ်မှာ ပြည်ပသို့တင်ပို့မည့်ဆန်များကို တင်ဆောင်ရန်အတွက် မြန်မာ့စက်မှုဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် MV. VIMC MIGHTY သင်္ဘောပေါ်တွင် ဖေဖော်ဝါရီ ၂၂ ရက် က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသင်္ဘောမှာ ပနားမားနိုင်ငံပိုင်သင်္ဘောလည်း ဖြစ်ပြီး လုပ်ဆောင်ခဲ့သည့် သင်္ဘောသားမှာ ဗီယက်နမ်နိုင်ငံသား Mr.Le Do Quyen (34/2026)၊ PPNo .C 4586393 ဖြစ်သည်ဟု ဆိုကြသည်။မည်သည့်အကြောင်းကြောင့် ယင်းကဲ့သို့ပြုမူသည်ကို မသိကြဘဲ မစိုးရိမ်ရသော ပြတ်ရှဒဏ်ရာမျိုးသာရခဲ့သလို ရန်ကုန်ဆေးရုံကြီးသို့ ဝိုင်းဝန်းပို့ဆောင်ပြီး ကုသမှုခံယူစေခဲ့သလို သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သော စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။



