လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်၊မန္တလေး၊နေပြည်တော်နဲ့ ဒေသတော်တော်များများမှာ မိုးသက်လေပြင်းတိုက် ခတ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ဒီနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပြီး နောက် ၂၄ နာရီ အတွင်း အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး တဖြည်းဖြည်း အားလျော့သွားနိုင်တယ်လို့ဆိုပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ဒီနေ့နံနက်မှ ၂၆-၂-၂၀၂၆ ရက်နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ သတိပေးထားပါတယ်။လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စတဲ့သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ဖို့ ဖော်ပြထားပါတယ်။



