ထိုင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) က ခရီးသည်တွေကို စစ်ဆေးတဲ့ နေရာမှာ လက်ကိုင် သတ္တုရှာဖွေရေးစက်တွေ အသုံးပြုတာကို ရပ်ဆိုင်းပြီး လူကိုယ်တိုင် ရှာဖွေတာနဲ့ သံသယရှိစရာ အိတ်တွေကို ခရီးသည်တွေကို ကြိုတင်အသိမပေးဘဲ ရှာဖွေတာတွေ ပြုလုပ်ဖို့ စီစဉ်နေတဲ့အတွက် လေဆိပ်ဝန်ထမ်းတွေ စိုးရိမ်နေကြပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ DailyNews က အဲဒီသတင်းကို ဖော်ပြခဲ့ပေမယ့် CAAT ဘက်ကတော့ တရားဝင် ကြေညာထားတာ မရှိသေးပါဘူး။အဲဒီအပြောင်းအလဲဟာ လေကြောင်းလုံခြုံရေး ပိုကောင်းလာစေဖို့ အမေရိကန် လေကြောင်းအဖွဲ့ (USAP) ရဲ့ အကြံပြုချက်အရ လုပ်ဆောင်တာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလကစပြီး လက်ကိုင်စက် (HHMD) တွေကို လုံးဝဖျက်သိမ်းမှာဖြစ်ပြီး လမ်းလျှောက်သွားရတဲ့ သတ္တုရှာဖွေရေးစက်တွေ၊ ခန္ဓာကိုယ်စကင်ဖတ်စက်တွေနဲ့အတူ လိ-င်တူဝန်ထမ်းတွေက လူကိုယ်တိုင် စစ်ဆေးတဲ့ နည်းလမ်းတွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။လေဆိပ်ဝန်ထမ်းတွေဟာ သံသယရှိစရာကောင်းတဲ့ အိတ်တွေနဲ့ ပစ္စည်းတွေကို ခရီးသည်တွေကို ကြိုတင်အသိပေးစရာမလိုဘဲ အပြည့်အဝ စစ်ဆေးခွင့် ရရှိမှာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်ကို ဒီနှစ် အောက်တိုဘာလမှာ စတင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှာဖွေမှုတွေကို မှတ်တမ်းတင်ထားရမှာဖြစ်ပြီး ခရီးသည်က တောင်းဆိုရင် ပြသရမှာ ဖြစ်ပါတယ်။အဲဒီစည်းမျဉ်းသစ်တွေနဲ့ ပတ်သက်ပြီး အများပြည်သူကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားတာ မရှိတဲ့အတွက် ဝန်ထမ်းတွေက စိုးရိမ်နေကြပါတယ်။ လူကိုယ်တိုင် စစ်ဆေးတာကြောင့် နှောင့်နှေးမှုတွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်မှုတွေ ကြုံရနိုင်သလို၊ ကြိုတင်အသိမပေးဘဲ အိတ်တွေကို ရှာဖွေတာကြောင့်လည်း အဖိုးတန်ပစ္စည်းတွေ ပျောက်ဆုံးတယ်ဆိုတဲ့ တိုင်ကြားမှုတွေနဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ဝန်ထမ်းတွေက ထောက်ပြထားပါတယ်။



