နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဥပဒေပါ အခွင့်အရေးများ၊ နိုင်ငံတော်က လက်ခံထားသည့် လူ့အခွင့်အရေးနှင့်သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ သဘောတူစာချုပ်များတွင်ပါရှိသည့် လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ ၃၀ အရ ကိုယ်တိုင်အတွက်သော် လည်းကောင်း၊ အခြားသူတစ်ဦးအတွက်သော် လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍သော် လည်းကောင်း ကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။တိုင်ကြားမှုကို ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ်(၂၇)၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်(ရုံးခွဲ) နေပြည်တော်၊ မန္တလေး၊ စစ်တွေ၊ ပုသိမ်မြို့တို့သို့လည်းကောင်း လိပ်မူ၍ စာတိုက်မှ ဖြစ်စေ၊ သက်ဆိုင်ရာကော်မရှင်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖက်စ် ၀၁၈-၆၅၄၆၇၈၊ ကော်မရှင် e-mail လိပ်စာဖြစ်သော info@mnhrc.org. mm တို့မှ တစ်ဆင့်ဖြစ်စေ ပြုလုပ်နိုင်သည်ဟု ဆိုသည်။တိုင်ကြားရာတွင် (က)တိုင်ကြားသူ၏ အမည်၊ အမြဲတမ်းနေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ (ဆက်သွယ်ရန် ဖုန်း၊ ဖက်စ်နှင့် e-mail တို့ရှိလျှင် ထည့်သွင်းဖော်ပြရန်)၊ (ခ)တိုင်ကြားသူသည် မည်ကဲ့သို့ လူ့အခွင့်အရေး ဖောက်ဖျက်ခံရပြီး နစ်နာဆုံးရှုံးကြောင်း ပြည့်စုံစွာဖော်ပြချက်၊ လိုအပ်ပါက မှတ်တမ်းဓာတ်ပုံနှင့် အထောက်အထားမိတ္တူများ ပူးတွဲလျက် ပေးပို့ရန်၊ (ဂ)တိုင်ကြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ မဖြစ်မနေ ပူးတွဲပေးပို့ရန်၊ (ဃ)တိုင်ကြားချက်ပါ အကြောင်းအရာများ မှန်ကန်ကြောင်း တိုင်ကြားသူမှ လက်မှတ်ရေးထိုးပေးပို့ရန် စသည့်အချက်များ ပြည့်စုံစွာ ပါရှိရမည်ဖြစ်ကြောင်း သိရသည်။



