ဂျပန်နိုင်ငံအလယ်ပိုင်း၊ မီအဲ (Mie) ခရိုင်၊ တိုဘ (Toba) မြို့ ကမ်းလွန်ပင်လယ်ပြင်၌ သောကြာနေ့ မွန်းလွဲပိုင်းတွင် ကုန်တင်သင်္ဘောတစ်စီးနှင့် အပန်းဖြေငါးဖမ်းစက်လှေတစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ ငါးဖမ်းလှေပေါ်ပါလာသည့် အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကုန်တင်သင်္ဘောအား မောင်းနှင်နေသူ အသက် ၂၁ နှစ်အရွယ် ဒုတိယအရာရှိ အမျိုးသမီး Hanon Sugimoto ကို "ပေါ့ဆမှုကြောင့် လူသေစေမှု" (Professional Negligence) သံသယဖြင့် စနေနေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။တန်ချိန် ၄၉၉ ရှိသည့် ကုန်တင်သင်္ဘောသည် ကျောက်ချရပ်နား၍ ငါးဖမ်းနေသော တန်ချိန် ၁၆ ရှိသည့် ငါးဖမ်းစက်လှေကို ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး၊ တိုက်မိသည့်အရှိန်ကြောင့် ငါးဖမ်းလှေမှာ နှစ်ပိုင်းကွဲသွားခဲ့သည်။ စက်လှေပေါ်တွင် လူ ၁၃ ဦး ပါရှိရာ မတ်ဆုဆာကာ (Matsusaka) မြို့မှ အသက် ၈၄ နှစ်နှင့် ၆၇ နှစ်အရွယ် အမျိုးသား ၂ ဦး ရေနစ်သေဆုံးခဲ့ပြီး၊ ကျန်ခရီးသည် ၁၀ ဦးမှာ ဒဏ်ရာများ ရရှိခဲ့သည်။ ဂျပန်သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုအဖွဲ့ (JTSB) သည် ဖြစ်စဉ်ကို အသေးစိတ်စစ်ဆေးရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးမှူး ၄ ဦးကို စေလွှတ်ထားသည်။
ဂျပန်နိုင်ငံ၊မီအဲ (Mie) ကမ်းလွန်တွင် ကုန်တင်သင်္ဘောနှင့် ငါးဖမ်းစက်လှေ တိုက်မိမှုဖြစ်ပွား၊ အရာရှိတစ်ဦးကို ဖမ်းဆီး
Feb 22 • 4:02 AM
Japan
Local News
Share
| 14 | 0 | 0 | 0 |


