အီလက်ထရောနစ် အငွေ့ရှူစက် (Electronic Smoking Device) ဖြစ်သည့် အီလက်ထရောနစ် စီးကရက် (Electronic Cigarette)၊ အပူပေးအငွေ့ရှူစက်၊ အီလက်ထရောနစ် ရှီရှားနှင့် ဆက်စပ်ပစ္စည်းများကို အရေးကြီး ကုန်စည်များအဖြစ် သတ်မှတ်ကာ ၎င်းတို့အား တင်သွင်းတင်ပို့ခြင်း၊ ရောင်းဝယ်ခြင်းနှင့် အသုံးပြုခြင်းတို့ လုပ်ဆောင်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁၈ ရက် ရက်စွဲဖြင့် ကုန်စည်များအပေါ်တားမြစ်မိန့်ကို ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တားမြစ်မိန့်ထုတ်ပြန်လိုက်တဲ့ အရေးကြီးကုန်စည်များတွင် အီလက်ထရောနစ် အငွေ့ရှူစက် (Electronic Smoking Device)ဖြစ်သည့် အီလက်ထရောနစ် စီးကရက် (Electronic Cigarette) နဲ့ ၎င်းကဲ့သို့ လားတူ ပစ္စည်းများနှင့် ယင်းတို့ရဲ့ ဆက်စပ်ပစ္စည်းများဖြစ်တဲ့ ဥပမာ အငွေ့ရှူတံ၊ ဓာတုဗေဒဆေးရည် (E-liquid) ထည့်သည့် ပစ္စည်းများ၊ အငွေ့ထွက်စေတဲ့ အပူပေး ကိရိယာ၊ မိုက်ခရို ပရိုဆက်ဆာ၊ ဘက်ထရီ၊ အားသွင်းစက် စတဲ့ ဆက်စပ်ပစ္စည်း ၁၂ မျိုး ပါဝင်တယ်လို့ အမိန့်ထဲမှာ ဖော်ပြထားပါတယ်။အပူပေးအငွေ့ရှူစက် (Heated Smoking Device) နဲ့ ၎င်းကဲ့သို့ အလားတူပစ္စည်းများနှင့် ယင်းတို့ရဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ဥပမာ အငွေ့ထွက်စေသည့် အရာဝတ္ထုအား အပူပေးရန်ထည့်သည့် ပစ္စည်းနှင့် ၎င်းပစ္စည်း၏ အပြင်ခွံအပါအဝင် ဆက်စပ်စ္စည်း ၁၄ မျိုး တို့လည်း ပါဝင်ပါတယ်။အီလက်ထရောနစ် အငွေ့ရှူစက် ဖြစ်တဲ့ အီလက်ထရောနစ် ရှီရှား (Electronic Shisha) ၊ ၎င်းကဲ့သို့ အလားတူ ပစ္စည်းတွေနဲ့ ယင်းတို့ရဲ့ ဆက်စပ်ပစ္စည်းများဖြစ်တဲ့ ဥပမာ အငွေ့ရှူတံ၊ အငွေ့ရှူပိုက် အပါအဝင် အခြားဆက်စပ်စ္စည်း ၁၆ မျိုးကိုလည်း အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ထိုသို့ အရေးကြီး ကုန်စည်များအဖြစ်သတ်မှတ်ထားတဲ့ ကုန်စည်တွေကို မည်သူမဆို တင်သွင်းတာ၊ တင်ပို့တာ၊ ရောင်းဝယ်တာ၊ လက်ဝယ်ထားတာ၊ သိုလှောင်တာ၊ သယ်ဆောင်တာ၊ ဖြန့်ဖြူးတာ၊ အသုံးပြုတာ ဒါမှမဟုတ် စားသုံးတာ ပြုလုပ်ရင် အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာ ဖြစ်တယ်လို့ အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(က)အရ ပြည်ထောင်စုအစိုးရအဖွဲ့မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ရက်စွဲပါအမိန့်အမှတ် ၂/၂၀၂၆ ဖြင့် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၉ အရ ယခုလို အမိန့် ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။



