ထိုင်းနိုင်ငံ မိုးလေဝသဌာနက ဖေဖော်ဝါရီ ၂၃ ရက်ကနေ ၂၅ ရက်နေ့အတွင်းမှာ လေပြင်းတိုက်ခတ်တာ၊ မိုးသည်းထန်စွာရွာသွန်းတာနဲ့ မိုးသီးကြွေတာတွေ ပါဝင်တဲ့ နွေရာသီ မုန်တိုင်းတွေ ဝင်ရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။ အအေးနဲ့ အပူလှိုင်းတွေ တိုက်မိတာကြောင့် ရာသီကူးပြောင်းချိန်မှာ အခုလို ဖောက်ပြန်တဲ့ ရာသီဥတုအခြေအနေတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီနှစ် နွေရာသီဟာ ပြီးခဲ့တဲ့နှစ်ကထက် ပိုမိုပူပြင်းမှာဖြစ်ပြီး အမြင့်ဆုံး အပူချိန် ၄၂ ဒီဂရီ စင်တီဂရိတ်ကနေ ၄၃ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အထူးသဖြင့် မယ်ဟောင်ဆောင်နဲ့ လန်ပန်း ဒေသတွေမှာ အပူချိန် ၄၂ ဒီဂရီထက် ကျော်လွန်နိုင်တဲ့အတွက် အထူးသတိထား စောင့်ကြည့်ရမယ့် ဧရိယာတွေအဖြစ် သတ်မှတ်ထားပါတယ်။ ဒီနှစ် နွေရာသီဟာ မေလလယ်လောက်မှာ ကုန်ဆုံးမယ်လို့လည်း သိရပါတယ်။



