၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းမှာ ထိုင်းနိုင်ငံ Nonthaburi ပြည်နယ်မှာ မိုးသက်လေပြင်းတွေ ကျရောက်ခဲ့ပါတယ်။ အဲဒီ မုန်တိုင်းကြောင့် သစ်ပင်တွေနဲ့ လျှပ်စစ်မီးတိုင်တွေ ပြိုလဲခဲ့သလို ကြော်ငြာဆိုင်းဘုတ်တွေ လွင့်စဉ်တာနဲ့ ဈေးဝယ်စင်တာ နံရံတွေ ပျက်စီးတာတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။ည ၇ နာရီခွဲလောက်မှာတော့ Srithanya ဆေးရုံဝင်းထဲက ဆိုင်ကယ် ကားပါကင်နေရာမှာ လျှပ်စစ်မီးတိုင် ပြိုကျပြီး လူတစ်ယောက် ပိတ်မိနေကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေ သတင်းရရှိခဲ့ပါတယ်။ အဲဒီနေရာမှာ ရေနုတ်မြောင်း တစ်ခုရှိပြီး မီးတိုင်က ကားပါကင် အမိုးကို ဖောက်ကျကာ ရေမြောင်းပေါ် ကန့်လန့်ဖြတ် ပြိုကျနေတာ ဖြစ်ပါတယ်။ပိတ်မိနေသူကတော့ အသက် ၂၀ အရွယ် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသား လီ ဖြစ်ပါတယ်။ ရေထဲကို လျှပ်စစ်ကြိုးတွေ ပြုတ်ကျနေတဲ့အတွက် ဓာတ်လိုက်မယ့် အန္တရာယ်ကို စိုးရိမ်ရတာကြောင့် ကယ်ဆယ်ရေးသမားတွေက ကရိန်းငယ်နဲ့ ကြိုးကို အသုံးပြုပြီး သူ့ကို ရေမြောင်းပေါ်ကနေ ဖြတ်ကျော် ကယ်ဆယ်ခဲ့ရပါတယ်။လီ ဟာ ဆိုင်ကယ်လာယူချိန် မိုးသည်းထန်လာလို့ ကားပါကင်မှာ ဝင်ရောက် ခိုလှုံနေစဉ် လျှပ်စစ်မီးတိုင် ပြိုကျလာတာကို မျက်မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ထိခိုက်ဒဏ်ရာ မရခဲ့ပေမယ့် ဓာတ်လိုက်မှာကို ကြောက်လန့်ပြီး ၃ နာရီလောက်ကြာအောင် အဲဒီနေရာကနေ မထွက်ရဲဘဲ အကူအညီ စောင့်ဆိုင်းနေခဲ့ရတာ ဖြစ်ပါတယ်။



