ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသများတွင် ယခုနောက်ပိုင်း ယာဉ်ဖြင့်လိုက်လံလုယက်သောဖြစ်ရပ်များ ကြုံတွေ့လာပြီး လက်တစ်ဖက်ထုတ်၍ မောင်းလာသောယာဉ်များကို သတိပြုရန် ဒေသခံများအချင်းချင်းကြား အသိပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။လွန်ခဲ့သော ရက်ပိုင်းအတွင်းကလည်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းတွင်လည်း လမ်းလျှောက်လာသူ တစ်ဦးကို ယာဉ်တစ်စီးဖြင့်လုယက်ထွက်ပြေးသွားသော အဖြစ်မျိုးရှိခဲ့ပြီး ကိုယ်တိုင်ကြုံသူ၏မိသားစုမှ လူမှုကွန်ရက်တွင် အသိပေးဖော်ပြခဲ့သလို ရွှေပြည်သာမြို့နယ်အတွင်းတွင်လည်း အလားတူဖြစ်ရပ်မျိုးကြုံခြင်းများရှိလာခဲ့သည်။ ယာဉ်ပေါ်မှလုယက်မှုကိုလုပ်ဆောင်သွားသောဖြစ်ရပ်များတွင် တက္ကစီယာဉ်များဖြစ်သည်ကို အများဆုံး ကြုံတွေ့လာကြပြီး တပ်ဆင်ထားသောယာဉ်နံပါတ်မှာလည်း တလွဲတပ်ဆင်ကာ ကျူးလွန်ခြင်းများရှိလာသည်ဟု ဆိုကြသည်။မော်တော်ယာဉ်နှင့်ပတ်သက်၍ လက်ရှိတည်ဆဲဥပဒေများတွင်လည်း ယာဉ်မောင်းနှင်ရာတွင် လက်တစ်ဖက်ကို အပြင်ထုတ်ထား၍မောင်းနှင်ခြင်းမျိုးကို တားမြစ်ထားပြီး ဥပဒေချိုးဖောက်ရာရောက်စေသည်ကိုလည်း ပြဋ္ဌာန်းထားခြင်းများ ရှိကြောင်း သိရသည်။



