တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ပွဲစားကနေတစ်ဆင့် အလုပ် သွားလုပ်တဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်က အမျိုးသား ၆ ဦးနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ၎င်းတို့ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လထဲမှာ ကွတ်ခိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာခံ အမျိုးသား ၆ ဦးကို အိုက်အောင်ဆိုသူ အမျိုးသားက တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ခေါ်ဆောင်သွားရာက ရွှေလီမြို့ရှိ ကြံခင်းတစ်ခုမှာ ကြံခုတ်အလုပ် လုပ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။"အိုက်အောင်နဲ့ သူ့သူငယ်ချင်းတစ်ယောက်က တရုတ်ပြည်မှာ အလုပ်ရမယ်ဆိုပြီး ရွာမှာ လာခေါ်တာ။ တရုတ်ပြည်ရောက်တော့ သူတို့ နေထိုင်ခွင့်စာအုပ်တွေ အကုန်သိမ်းခံရတာ။ ရွှေလီက ကြံခြံတစ်ခုမှာ ကြံစိုက်ခိုင်းတာ။ သူတို့လုပ်တာ ၆ လ၊ လစာက တရုတ်ငွေ ၅၀၀ ပေးတာ။ သူတို့လုပ်တဲ့ခြံမှာ လူအသစ် ထပ်ရောက်တော့ သူတို့ကို နေရာပြောင်းလိုက်တာ။ အခုထိ အဆက်အသွယ်မရတော့ဘူး" လို့ ဆိုပါတယ်။ပျောက်ဆုံးနေသူ ၆ ဦးဟာ အိုက်ခမ်း၊ အိုက်လှ၊ အိုက်ညီ၊ အိုက်အေး၊ အိုက်ရင်နဲ့ မောင်အေးဆိုသူတို့ဖြစ်ပြီး ၎င်းတို့ကို ခေါ်သွားတဲ့ ပွဲစား အိုက်အောင်ကတော့ ဆိုက်ခေါင်ရွာအနီးက ကျေးရွာမှာ နေထိုင်သူလို့ သိရပေမဲ့ ရွာနာမည် အတိအကျကိုတော့ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။




