ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသနှင့် အမေရိကန်နိုင်ငံမှ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သည့် ဆရာတော်တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်းမှာ အလွန်မှန်ကန်သည့်လုပ်ရပ်ဖြစ်ကြောင်း ပါချုပ်ဆရာတော်ကြီးက မိန့်ကြားသည်ဟု သိရသည်။ပါချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသနှင့် အမေရိကန်နိုင်ငံမှ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်းအစီအစဉ် ပြုလုပ်ခဲ့သည့် ဆရာတော် အရှင်ပညာကာရတို့မှာ ဖေဖော်ဝါရီ ၉ ရက်က အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု လမ်းလျှောက်သည့် ဆရာတော်များအဖွဲ့တွင် ပါဝင်သူ မြန်မာဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် ရွှေဘုန်းပွင့်ဆရာတော်က လူမှုကွန်ရက်တွင် ရေးသားထားသည်။ပါချုပ်ဆရာတော်ကြီးက ငယ်ရွယ်စဉ်တွင် သာသနာတော်အတွက် လုပ်နိုင်သမျှ လုပ်ထားကြရန်နှင့် ဆရာတော်အရှင်ပညာကာရက အမေရိကန်သို့ ပင့်ဖိတ်ထားသော်လည်း ဗီဇာအခက်အခဲကြောင့် ကြွရောက်နိုင် ခြင်းမရှိသေးကြောင်း မိန့်ကြားခဲ့သည်ဟု သိရသည်။ပါချုပ်ဆရာတော်ကြီးဟု လူသိများသည့် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသမှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ခါးရိုးခွဲစိတ်ကုသမှု ခံယူနေခြင်းဖြစ်ကြောင်း သိရသည်။W4P ဟု လူသိများသည့် Walk For Peace အဖွဲ့ကို ဦးဆောင်သည့်ဆရာတော်မှာ အရှင်ပညာကာရဖြစ်ပြီး ယင်းအဖွဲ့တွင် ပါဝင်လမ်းလျှောက်ခဲ့သည့် ဆရာတော်တစ်ပါးမှာ ခရီးစဉ်အစပိုင်းတွင် ယာဉ်တိုက်ခံရမှုကြောင့် ခြေထောက်တဖက် ဆုံးရှုံးခဲ့ရသည်။ဗုဒ္ဓဘာသာဆရာတော်များ၏ ရက်ပေါင်း ၁ဝဝ ကျော်ကြာမြင့်ပြီး မိုင်ပေါင်း ၂၃ဝဝ ကျော်ခရီးကို ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ကာ လမ်းလျှောက်ခြင်းကို ပြုလုပ်ရာတွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်တွင် အဆုံးသတ်မည်ဖြစ်သည်။
ပါချုပ်ဆရာတော်ကြီးနှင့် အမေရိကန်နိုင်ငံမှ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သည့် ဆရာတော်တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ
Feb 11 • 1:39 AM
Myanmar
Local
Share
| 62 | 0 | 0 | 0 |


