အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လာမည့် မတ်လ ၁ ရက်နေ့မှစ၍ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card - OWIC) ကတ်ဖိုးငွေပေးသွင်းခြင်းကို ဘဏ်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေလွှဲလျှောက်လွှာ မူရင်းပြသနိုင်မှသာ ကတ်ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ OWIC ကတ်ဖိုးငွေပေးသွင်းခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်ကို နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့၌ ထုတ်ပြန်ထားတာဖြစ်ပြီး OWIC ကတ်ပြုလုပ်ခွင့်ရရှိကြောင်း ကြေညာခြင်းခံရသည့် အလုပ်သမားများ အနေဖြင့် လာမည့် မတ်လ ၁ ရက်နေ့မှစ၍ OWIC ကတ်ဖိုး ကျပ် ၅၆၀၀ နှင့် ပျောက်ဆုံးပျက်စီးပါက ဒဏ်ကြေးအဖြစ် ကျပ် ၂၂၄၀၀ ကို မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတဆင့် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထား သည့် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ငွေစာရင်းအမှတ် OA-013904 သို့ အလုပ်သမားကိုယ်တိုင် ငွေလွှဲလျှောက်လွှာဖြင့် ပေးသွင်းရမည်ဖြစ်ကြောင်းလည်း ပါရှိပါတယ်။
OWIC ကတ်ဖိုးငွေများအား OA-013904 သို့ ပေးသွင်းပြီးပါက ငွေပေးသွင်းခဲ့သည့် ငွေလွှဲလျှောက်လွှာမူရင်းနှင့် အတူ မိတ္တူ(၁)အားယူဆောင်၍ OWIC ပြုလုပ်ရမည့်နေ့ရက်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(မြောက်ဒဂုံ)OWIC ထုတ်ပေးရေးစင်တာသို့ လာရောက်ဆက်သွယ် ဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ငွေပေးသွင်းသူများအနေဖြင့် ငွေစာရင်းအမှတ် မှားယွင်းပေးသွင်းခြင်း၊ ငွေလွှဲလျှောက်လွှာ မမှန်ကန်ခြင်း၊ ငွေလွှဲလျှောက်လွှာ(မူရင်း) ပြသနိုင်မှုမရှိခြင်းတို့ဖြစ်ပေါ်ပါက OWIC ကတ်ထုတ်ပေးမည်မဟုတ်ကြောင်းလည်း အသိပေးကြေညာချက်မှာဖော်ပြပါရှိပါတယ်။ယင်းနှင့်ပတ်သက် ၍ ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “အခုလိုဘဏ်စနစ်နဲ့ဆိုတော့ ပိုပြီးတိကျသေချာသွားတာပေါ့။ အဆင်ပြေပါတယ်။ အရင်ကတော့ ဒီအတိုင်းငွေသွားပြီးသွင်းရတာ၊ ယခု ဘဏ်စနစ်နဲ့ဆိုတော့ ပိုပြီး တိတိကျကျဖြစ်သွားပါတယ်” ဟုဆိုသည်။



