ရန်ကုန်မြစ်ကို ဖြတ်ကျော်တည်ဆောက်ထားသည့် ဒလတံတားကြီးပေါ်သို့ ယခုရက်ပိုင်းအတွင်း အမှတ်တရဓာတ်ပုံ လာရောက်ရိုက်ကူးသူအများအပြားရှိနေကြောင်း မြင်တွေ့ခဲ့သော ယာဉ်မောင်းများထံမှ သိရသည်။“မနက်အစောပိုင်းလာတဲ့သူတွေရှိတယ်၊ ညနေပိုင်းက ပိုများတယ်၊ တစ်ချို့ဆို ဓာတ်ပုံရိုက်ဖို့သက်သက် ကားငှားစီးလာပြီးတော့ကိုလာတာ”ဟုလည်း ယာဉ်မောင်းတစ်ဦးက ပြောသည်။အဆိုပါ ဓာတ်ပုံရိုက်ကူးသူများတွင် တံတားပေါ်ခြေလျင်လျှောက်လာ၍ လာရောက်ရိုက်ကူးကြခြင်းများရှိသလို အများစုမှာ ကားများဖြင့်လာရောက်ပြီး တံတားပေါ်တွင်ကားရပ်၍ အောက်ဆင်းကာ ရိုက်ကူးကြကြောင်း၊ ထို့ကြောင့် တံတားပေါ် တစ်ခြမ်းလျှင်ယာဉ်ကြောနှစ်ကြောရှိသည့်အနက် တစ်ကြောစီမှာ ရပ်နားထား၍ဓာတ်ပုံရိုက်ကူးသော ကားများဖြင့် ပြည့်နေကြောင်း၊ နောက်ပိုင်းတွင် ကားဖြတ်သန်းသွားလာမှုများပြားလာချိန်တွင် လမ်းဘေးကားရပ်၍ ဓာတ်ပုံရိုက်ကူးခြင်းကြောင့် မလိုလားအပ်သော ယာဉ်ကြောပိတ်ဆို့မှုမျာါ်နှင့် တံတား၏ခံနိုင်ဝန်ကိုပါ ထိခိုက်လာနိုင်ဖွယ် ရှိနေကြောင်း အကြံပြုပြောဆိုလာခြင်းများရှိကြသည်။“အခုက ဖွင့်ကာစဆိုတော့ သိပ်မသိသာပေမယ့် နောက်ပိုင်းမှာ ဘတ်စ်ကားလိုင်းတွေဆွဲတာတို့ ကားတွေအများကြီး ဖြတ်ချိန်မှာ ဒီလိုဓာတ်ပုံလာရိုက်ရင်း ရပ်ထားတဲ့ကားတွေကြောင့် ယာဉ်ကြောပိတ်ဆို့တာတွေ ကြုံလာနိုင်တယ်၊ တံတားတစ်ခု သူ့ဟာနဲ့သူအပေါ်ကနေ ဖြတ်သန်းရင် သူ့ခံနိုင်ဝန်နဲ့မို့ကိစ္စသိပ်မရှိပေမယ့် အပေါ်မှာကားတွေအများကြီး ရပ်နားထားတော့ ဝန်အများကြီးကို အကြာကြီးထမ်းပိုးထားခိုင်းသလို ဖြစ်နေတာက ရေရှည်မှာ ခံနိုင်ဝန်အားအပေါ်ထိခိုက်လာနိုင်တယ်လို့မြင်တယ်”ဟုလည်း မြို့ပြအင်ဂျင်နီယာတစ်ဦးက သုံးသပ်ပြောကြားသည်။



