အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ဖေဖော်ဝါရီ ၆ ရက်က လက်မှတ်ရေးထိုးလိုက်တဲ့ အထူး ညွှန်ကြားချက်တစ်ရပ်မှာ သူက အီရန်နဲ့ ဆက်လက် ကုန်သွယ်နေတဲ့ နိုင်ငံတွေကို ထပ်တိုး အခွန် ပြဌာန်းနိုင်ကြောင်း ပြောထားပါတယ်။အီရန်နဲ့ တိုက်ရိုက်ရော တိုက်ရိုက်မဟုတ်ဘဲရော ကုန်သွယ်နေတဲ့ နိုင်ငံတွေအပေါ် အခွန်တိုးကောက်နိုင်ကြောင်း အဲဒီ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။ထရန့်က ကောက်ခံနိုင်တဲ့ အခွန် နှုန်းထားကို အတိအကျ ဖော်ပြမထားပေမယ့် ဥပမာ ၂၅ ရာခိုင်နှုန်း ကောက်ခံနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။အီရန်ဆီက ကုန်စည်တွေ ဒါမှမဟုတ် ဝန်ဆောင်မှုတွေ ဝယ်ယူတာ၊ ကုန်စည်တွေ တင်သွင်းတာ၊ ဝယ်ယူတာတွေ ပြုလုပ်နေတဲ့ နိုင်ငံတွေဆီက အမေရိကန်သို့ ကုန်ပစ္စည်း တင်ပို့ရင် ထပ်တိုး အခွန် ပေးဆောင်ရနိုင်ကြောင်း ထရန့်က ပြောပါတယ်။
နှစ်ဖက်စလုံး သီတင်းပတ်များစွာကြာ အပြန်အလှန် ခြိမ်းခြောက်ခဲ့ကြပြီးနောက် အိုမန်နိုင်ငံမှာ အမေရိကန်နဲ့ ထိပ်တန်း အရာရှိတွေကြား ပထမဆုံး ဆွေးနွေးခဲ့ပြီးနောက် ထရန့်ရဲ့ ညွှန်ကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။အီရန်နဲ့ စီးပွားရေး လုပ်နေတဲ့ နိုင်ငံတွေကို အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ကြောင်း ထရန့်က အခုနှစ် စောစောပိုင်းကလည်း ခြိမ်းခြောက်ခဲ့တာပါ။အီရန်က နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေပြီး၊ အကြမ်းဖက်ဝါဒကို ထောက်ပံ့ ကူညီနေတဲ့အတွက် တာဝန်ခံရမှာ ဖြစ်ကြောင်း ထရန့်ရဲ့ ညွှန်ကြားချက်မှာ ဖော်ပြပါတယ်။အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် တီထွင်မှုနဲ့ဒေသတွင်း မငြိမ်မသက် ဖြစ်အောင် လုပ်ဆောင်မှုတို့ကြောင့် အမေရိကန် လုံခြုံရေး၊ မဟာမိတ်တွေနဲ့ အကျိုးစီးပွားတွေအပေါ် အန္တရာယ် ကျရောက်စေတယ်လို့လည်း အဲဒီ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။အီရန် နိုင်ငံခြားရေးဝန်ကြီးကတော့ အိုမန်မှာ အမေရိကန်နဲ့ ဆွေးနွေးမှုတွေ အစကောင်းတာကြောင့် ဆက်လက် ဆွေးနွေးမယ်လို့ ပြောထားပါတယ်။



