မြန်မာရိုးရာမုန့်များ ပြန်လည်ထွန်းကာလာပြီး အသင့်စား အခြားနိုင်ငံထုတ်မုန့်များကို လျော့ချနိုင်ရေး မြန်မာ-ဂျပန်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်း (AMSEDC) မှ မြန်မာဂျပန်ရိုးရာ မုန့်မျိုးစုံဈေးရောင်းပွဲတော်ကို ဇန်နဝါရီလ (၃၁) ရက်နေ့ ၌ ရန်ကုန်ရှိ မြေပဒေသာကျွန်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။မြန်မာရိုးရာ မုန့်ပြိုင်ပွဲကို ဇန်နဝါရီ (၁၆) ရက်မှ (၂၀) ရက်အထိ သတ်မှတ်နေရာတွင် လူဦးရေ (၁၀) ဦးစာ နမူနာမုန့်များဖြင့် လာရောက်ယှဉ်ပြိုင် အရွေးချယ်ခံနိုင်ကြောင်းလည်း အသိပေးထားသည်။အဆိုပါပြိုင်ပွဲကတဆင့် မြန်မာရိုးရာ မုန့်အုပ်စုတစ်ခုလျှင် (၃) ဦးစီးကို ရွေးချယ်ပြီး သန့်ရှင်းကောင်းမွန်စွာ မုန့်ပြုလုပ်နိုင်သူ တစ်ဦးစီကို အရင်းနှီးမတည်ငွေအဖြစ် လုပ်ငန်းအမျိုးစားပေါ်မူတည်ပြီ ငွေကျပ်သိန်း (၂၀) မှ သိန်း (၅၀) ထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ပြိုင်ပွဲဝင်ရမည့် မုန့်အမျိုးစားသတ်မှတ်ချက်များသည် မြန်မာရိုးရာမုန့်များဖြစ်သည့် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊မုန့်လက်ဆောင်း၊ ပေါင်မုန့်အုန်းနို့ဆမ်း၊ ရွှေရင်အေး၊ မုန့်လုံးကြီးကြော်၊ မုန့်လက်ကောက်ကြော်၊ အကြော်မျိုးစုံ၊ဆီထမင်း၊ ရွှေထမင်း၊ ထမနဲ၊ မုန့်လင်မယား၊ သာကူမုန့်ဖက်ထုပ်၊ ကောက်ညှင်းမုန့်ဖက်ထုပ်၊ ပဲပေါက်စီ၊ အုန်းသီးပေါက်စီ၊ သာကူပြင်၊ မုန့်စိမ်းပေါင်း စသည့်တို့ဖြစ်ကြောင်း သိရသည်။



