မြန်မာ့ရိုးရာလက်ဝှေ့သမား ကျော်စွာဝင်းရဲ့ပွဲကို လာမယ့် ONE Friday Fights 139 ပြိုင်ပွဲမှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။ထိုင်းနာမည်ကြီးအမျိုးသမီးဖိုက်တာ စတမ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ Facebook လူမှုကွန်ရက်ကနေ ကျော်စွာဝင်းနဲ့အတူ ကျော်စွာဝင်းရဲ့ ထိုးသတ်မယ့်ပွဲရက်စွဲကို အတည်ပြုပြောကြားထားခဲ့ပါတယ်။
အဲ့ဒီ ရုပ်သံမှာ ကျော်စွာဝင်းက သူ့ရဲ့ လာမယ့်ပွဲက ဇန်နဝါရီ ၂၃ ရက်ဖြစ်တယ်ဆိုတဲ့အကြောင်း၊ ဘန်ကောက်မြို့ လုမ္မဏီအားကစားရုံမှာ ထိုးသတ်ရမှာဖြစ်ကြောင်းနဲ့ သူ့ရဲ့ပြိုင်ဘက်က ဂျပန်ဖိုက်တာဖြစ်တယ်ဆိုတဲ့အကြောင်းတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ကျော်စွာဝင်းပြောတဲ့ လာမယ့်ဇန်နဝါရီ ၂၃ ရက်မှာ ONE Championship ဟာ ONE Friday Fights 139 ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ONE Championship ဟာ ONE Friday Fights 139 ပြိုင်ပွဲရဲ့ တွဲဆိုင်းတွေကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးတာလည်းဖြစ်ပါတယ်။



